MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့ ဇွန်လ ၁ရက်နေ့ မနက်၈နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

Photo Credit : Getty Image

ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေဖြစ်တဲ့ အာဆင်နယ်နဲ့ စပါးအသင်းတို့မှ အလိုရှိနေတဲ့ ပိုလန်တိုက်စစ်ကစားသမား မီလစ်ကို သူရဲ့ တန်ကြေးထက် အနည်းငယ် စျေးလျှော့ချပြီး ရောင်းထုတ်သွားဖို့ နာပိုလီအသင်းဘက်ကနေ ပြင်ဆင်လို့နေပါတယ်။ မီလစ်ကို ဂျုဗင်တပ်စ်ကလည်း စိတ်ဝင်စားနေပေမယ့် နာပိုလီကတော့ စီးရီးအေပြိုင်ဘက်အသင်းဆီ ရောင်းချဖို့ ဆန္ဒမရှိတာကြောင့် ပရီးမီးယားလိဂ်အသင်းတွေဆီသာ ရောင်းထုတ်ဖွယ်ရှိနေပါတယ်။

Photo Credit : Getty Image

မကြာခင်မှာ ဘုန်းမောက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မယ့် စကော့တလန်လက်ရွေးစင် တောင်ပံကစားသမား ရိုင်ယန်ဖရေဆာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့အတွက် အာဆင်နယ်အသင်းဘက်ကနေ အပြင်းအထန်ကို ကြိုးပမ်းလို့နေပြီး စပါးအသင်းကလည်း ဖရေဆာကို ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေကာ ရက်ပိုင်းအတွင်းမှာ ဖရေဆာရဲ့ အနာဂတ်က အဖြေပေါ်ဖွယ်ရှိနေပါတယ်။

Photo Credit : Getty Image

ပေါ်တိုအသင်းရဲ့ ဘယ်နောက်ခံကစားသမား အဲလက်စ်တဲလက်စ်ဟာ ချယ်လ်ဆီး ပီအက်စ်ဂျီအသင်းတို့နဲဲ့ အပြောင်းအရွှေ့ကိစ္စကို ဆွေးနွေးမှုတွေ လုပ်ဆောင်နေလျက်ရှိပြီး လတ်တလောမှာတော့ ပီအက်စ်ဂျီထက် ချယ်လ်ဆီးကိုသာ ရွေးချယ်ဖို့ အခြေအနေပိုများနေတယ်လို့ Tuttosport ကနေ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Getty Image

လီဗာပူးလ်အသင်းရဲ့ လူငယ်ကစားသမားလေး အယ်လီယက်က ဖူလ်ဟမ်ကနေ လီဗာပူးလ်အသင်းကို မပြောင်းရွှေ့ခင်မှာ သူ့ကို ရီးရဲလ်မက်ဒရစ်အသင်းကနေ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် လီဗာပူးလ်ပရိသတ်တိုင်းရဲ့ ရင်ထဲမှာ အခုချိန်ထိကို မုန်းတီးနေရမယ့် ရီးရဲလ်နောက်ခံလူ အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်နဲ့ တစ်သင်းတည်းကစားရမှာကို မနှစ်သက်တဲ့အတွက် ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုသွားပါတယ်။

Photo Credit : Getty Image

အသက်(၁၇)နှစ်သာရှိသေးတဲ့ ရန်းစ်အသင်းရဲ့ ဆယ်ကျော်သက်အရွှယ် လူငယ်ကြယ်ပွင့်ကစားသမားလေး အက်ဒွာဒိုကာမာဗင်ဂါကို ပီအက်စ်ဂျီ ဂျုဗင်တပ်စ် ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ကနေ ခေါ်ယူဖို့ စိတ်ဝင်တစားရှိနေကြပေမယ့် ကာမာဗင်ဂါကတော့ ဇီဒန်းနဲ့သာ လက်တွဲလိုတာကြောင့် ရီးရဲဲလ်ကိုသာ ရွေးချယ်ဖို့ ရာခိုင်နှုန်းများနေပါတယ်။