MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့ ဇွန်လ ၁၉ရက်နေ့ မနက်၈နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ခဏရပ်နားထားရာကနေ အခုပြန်လည်စတင်ကျင်းပနေပြီဖြစ်တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လာမယ့်ဇူလိုင်လအတွင်း ကျင်းပသွားမယ့် ပွဲစဉ်တွေအတွက် နေ့ရက်နဲ့ပွဲချိန်တွေကို ထုတ်ပြန်လာခဲ့ရာ ပရီးမီးယားလိဂ်ပွဲစဉ်များကို ဇူလိုင်လ(၄)ရက်နေ့ကနေ ဇူလိုင်(၁၃)ရက်နေ့အထိ နေ့ရက်တိုင်းလိုလို ယှဉ်ပြိုင်ကစားစေမှာပဲဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ကိုပါအီတလီယာပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ နာပိုလီအသင်းကို ချီးကျူးပြောဆိုခဲ့ပြီး နာပိုလီက ဘာစီလိုနာအတွက် အရမ်းကို ခက်ခဲလှတဲ့ ပြိုင်ဘက်လို့လည်း အမွှမ်းတင်ပြောဆိုသွားခဲ့ပါတယ်။ ဘာစီလိုနာနဲ့ နာပိုလီအသင်းတို့ဟာ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှံးထွက်ပွဲစဉ်အတွင်းမှာ ဆုံတွေ့ထားခဲ့တဲ့ အသင်းတွေဖြစ်ပြီးတော့ ပထမအကျော့မှာ(၁)ဂိုးစီ သရေကျထားခဲ့ရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ အိုလေဂန်နာဆိုးလ်ရှားက ဒီလအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မယ့် လူငယ်ကစားသမားလေး အိန်ဂျယ်ဂိုးမက်စ်ကို စာချုပ်သက်တမ်းတိုးဖို့ နီးစပ်လျက်ရှိနေပြီဖြစ်ကြောင်း အသိပေးကြေညာသွားခဲ့သလို လာမယ့်နှစ်မှာလည်း စီနီယာအသင်းကြီးမှာ နေရာပိုပေးဖွယ်ရှိနေပါတယ်။

ဘရာဇီးအသင်းရဲ့ ဂန္တဝင်တိုက်စစ်မှူးဟောင်းကြီး ရော်နယ်ဒိုနာဇာရီယိုက သူအနေနဲ့ သူရဲ့ကလပ်အသင်းဟောင်း ရီးရဲလ်မက်ဒရစ်အသင်းအတွက် ကစားသမားသစ်တစ်ယောက်ကို စိတ်ကြိုက်ခေါ်ယူခွင့်ရှိမယ်ဆိုရင် ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ်လူငယ်တိုက်စစ်မှူးလေး ကီလီယန်အမ်ဘာပေကို ခေါ်ယူလိုကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

မန်စီးတီးအသင်းကို (၃)ဂိုးပြတ်နဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ ခြေချင်းဝတ်ဒဏ်ရာကို ရရှိသွားခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ နောက်ခံကစားသမား ပါဘလိုမာရီဟာ သူရဲ့ဒဏ်ရာပြသာနာကြောင့် ရာသီကုန်အထိ အနားယူရတော့မှာဖြစ်ပြီး သူရဲ့အငှားစာချုပ်ဟာလည်း ကုန်ဆုံးတော့မှာပဲဖြစ်ပါတယ်။