MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇွန်လ ၁၈ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မနေ့ညက ကျင်းပခဲ့တဲ့ ဒိန်းမတ်အသင်းနဲ့ ဘယ်ဂျီယံအသင်းတို့ရဲ့ ယူရိုပြိုင်ပွဲအတွင်းမှာ ဒိန်းမတ်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်ကစားသမား ပေါလ်ဆင်ရဲ့သွင်းဂိုးဟာ ယူရိုပြိုင်ပွဲ သမိုင်းတလျှောက်မှာတော့ ဒုတိယမြောက် အလျင်မြန်ဆုံး သွင်းဂိုးဖြစ်ခဲ့ပြီး ဒီသွင်းဂိုးကို (၁)မိနစ်နဲ့ (၃၉)စက္ကန့်မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။

လက်စတာစီးတီးအသင်းဟာ ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းရဲ့ တိုက်စစ်ကစားသမား ပါဆတန်ဒါကာကို ခေါ်ယူသွားဖို့အတွက် သဘောတူညီမှု ရယူနိုင်ခဲ့ပြီဖြစ်ပြီး ကစားသမားအတွက် လက်စတာအသင်းရဲ့ တရားဝင်ကမ်းလှမ်းချက်ကို ဆာလ်ဇ်ဘာ့ဂ်အသင်းကနေ လက်ခံလိုက်တာကြောင့် မကြာခင်မှာ အသင်းကို အပြီးသတ် ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

စပါးအသင်းဟာ လစ်လပ်နေတဲ့ နည်းပြရာထူးအတွက် ရိုးမားအသင်းနည်းပြဟောင်း ပေါ်လိုဖွန်ဆီကာနဲ့ အစားထိုးသွားဖို့ လုပ်ဆောင်ခဲ့ပေမယ့် အပြီးသတ်ခါနီးမှ ငွေကြေးပိုင်း ပြသာနာကြောင့် နည်းပြအဖြစ် မခန့်အပ်နိုင်တော့တဲ့အတွက် ဖီအိုရင်တီးနားအသင်းနဲ့ လက်တွဲဖြုတ်ဖြစ်ခဲ့တဲ့ ဂတ်တူဆိုကိုသာ အသင်းနည်းပြအဖြစ် ခန့်သွားဖို့ စီစဉ်လျက် ရှိနေပါတယ်။

ဒဏ်ရာပြသာနာကနေ ပြန်လည်သက်သာလာတာကြောင့် လက်ရွေးစင် အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေနိုင်ပြီဖြစ်တဲ့ အင်္ဂလန်နောက်ခံကစားသမား ဟယ်ရီမက်ဂွိုင်းယားဟာ စကော့တလန်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ယူရိုပြိုင်ပွဲမှာ အသင်းရဲ့ ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာဖွယ်ရှိနေတယ်လို့ နည်းပြဆောက်ဂိတ်က ပြောဆိုသွားခဲ့ပါတယ်။

လက်ရှိ ကျင်းပလျက်ရှိနေတဲ့ ယူရို-၂၀၂ဝပြိုင်ပွဲမှာ အုပ်စုပွဲစဉ်(၂)ပွဲဆက်တိုက် တစ်ပွဲအတွင်း အကောင်းဆုံးကစားသမားဆုတွေကို သိမ်းပိုက်ထားပြီး သွင်းဂိုး(၂)ဂိုးပါ သွင်းယူထားနိုင်တဲ့ ဘယ်ဂျီယံ တိုက်စစ်မှူး လူကာကူက ချယ်လ်ဆီးအသင်းမှာ ပါဝင်ခဲ့စဉ် အသင်းဖော်တွေရဲ့ လေးစားမှုကို လုံးဝမရရှိခဲ့ပဲ အသင်းပရိသတ်တွေကပါ သူ့အပေါ် လေးစားမှု ကင်းမဲ့ခဲ့တယ်လို့ အက်ရှ်လေကိုးက ပြောဆိုသွားခဲ့ပါတယ်။