MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့ ဇွန်လ ၁၇ရက်နေ့ မနက်၈နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါလ်ပေ့ါဘာ လာမယ့်သောကြာနေ့မှာ ကစားသွားရမယ့် စပါးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၀)မှာ အသင်းရဲ့ပွဲထွက်လူစာရင်းထဲ ပါဝင်လာနိုုင်ခြင်းမရှိသေးပဲ အရန်စာရင်းမှာသာ ပါဝင်လာနိုင်တယ်လို့ သတင်းထွက်နေတာကြောင့် ကွင်းလယ်မှာ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့ တွဲကစားတာကို စပါးနဲ့ပွဲမှာ မြင်ရနိုင်ဖို့က ဖြစ်နိုင်ခြေနည်းနေရပါတယ်။

ပေါ်တူဂီကစားသမားဟောင်းလည်းဖြစ်ပြီး လက်ရှိ Rio Ave အသင်းမှာ နည်းပြအဖြစ် ဆောင်ရွှက်လို့နေတဲ့ ကားလို့စ်ကာဗာဟယ်က ပေါ်တူဂီတိုက်စစ်ကစားသမားလေး ဂျာအိုဖီးလစ်ဟာ သူရဲ့ဘင်ဖီကာအသင်းကနေ အသက်လက်တီကိုမက်ဒရစ်အသင်းဆီ မပြောင်းရွှေ့ခဲ့ပဲ မြို့ခံပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကိုသာ ရွေးချယ်ခဲ့မယ်ဆိုရင် သူအနေနဲ့ ဒီထက်ကောင်းတဲ့ကစားသမားတစ်ယောက် ဖြစ်လာနိုင်ခြေများတယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။

နာပိုလီအသင်းရဲ့ ပိုလန်တိုက်စစ်ကစားသမားမီလစ်ခ်ဟာ လာမယ့်ရာသီမှာ နာပိုလီကနေ ထွက်ခွာဖို့ အလွန်နီးစပ်လျက်ရှိနေပြီး သူရဲ့ဆရာဟောင်းဆာရီ ကိုင်တွယ်လို့နေတဲ့ ဂျုဗင်တပ်စ်အသင်းဆီကို ပြောင်းရွှေ့ဖွယ်ရှိနေသလို အီတလီကစားသမားဟောင်းကြီး ဘော်ရယ်လီယိုကလည်း မီလစ်ခ်က ရော်နယ်ဒိုရဲ့ အကောင်းဆုံးအတွဲအဖက် ဖြစ်လာနိုင်တယ်လို့ သုံးသပ်လိုက်ပါတယ်။

၂၀၂၀ခုနှစ်ရဲ့ အကောင်းဆုံးလူငယ်ဘောလုံးသမားဆု (Golden Boy)ဆုအတွက် ဇကာတင်ကစားသမားအယောက်တစ်ရာစာရင်းမှာ ဆန်ချို ဟာလန်း အမ်ပါဒူ ဂေးလ်မော ဝီလီယံဆလီဘာ ဂျာအိုဖီးလစ် ဗင်နီဆီစပ် ရိုဒီရီဂိုဂိုးစ် အန်ဆူဖာတီ အယ်ဖွန်ဆိုဒေးဗီစ် ကာမန်ဗန်ဂါ ဘယ်လင်ဟမ်နဲ့ မေဆန်ဂရင်းဝုဒ်တို့လို ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား လူငယ်လေးတွေ ပါဝင်လာခဲ့ပါတယ်။

အဲဗာတန်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ မာဆေးဆိုက်ဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်(၃၀)ကို အင်္ဂလန်ရဲ့ ဝါရင့်ကွင်းလယ်ဒိုင်လူကြီးဖြစ်တဲ့ မိုက်ဒင်းက တာဝန်ယူသွားမှာဖြစ်တယ်လို့ ပရီးမီးယားလိဂ်ပြိုင်ပွဲ တာဝန်ရှိသူများရဲ့ ထုတ်ပြန်ချက်များအရ သိရှိရပါတယ်။