MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇွန်လ ၁၆ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

လတ်တလောမှာ ဆီဗီလာအသင်းနဲ့ အပြောင်းအရွှေ့ ကောလဟာလသတင်းတွေ ထွက်ပေါ်နေတဲ့ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဝါရင့်နောက်ခံကစားသမားကြီး ဆာဂျီယိုရာမို့စ်နဲ့ သူတို့အသင်းတို့ရဲ့ကြားမှာ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဘာဆွေးနွေးမှု ရှိမနေဘူးလို့ ဆီဗီလာအသင်းရဲ့ ဒါရိုက်တာဖြစ်သူ မွန်ချီက ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဘရိုက်တန်အသင်းရဲ့ အင်္ဂလန်လက်ရွေးစင် ဗဟိုနောက်ခံကစားသမား ဘင်ဝှိုက်ကို ခေါ်ယူသွားဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေခဲ့ရာ အခြေအနေကောင်းလျက် ရှိနေသလို ကွင်းလယ်ပိုင်းအတွက်ကိုလည်း လက်စတာအသင်းရဲ့ အင်္ဂလန်ကွင်းလယ်တိုက်စစ်ကစားသမား ဂျိမ်းစ်မက်ဒီဆန်ကို ပစ်မှတ်ထားလို့နေပါတယ်။

လက်ရွေးစင်ကစားသမားဘဝကို စတင်ခွင့်ရခဲ့တဲ့ ယူရို-၂၀၀၄ပြိုင်ပွဲကနေစတင်ပြီး ကမ္ဘာ့ဖလား ကွန်ဖရက်ဒေးရှင်းဖလားနဲ့ UEFA Nations League ဖလားတို့လို အဓိကပြိုင်ပွဲပေါင်း (၁၀)ခုလုံးမှာ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့သူအဖြစ် ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုက စံချိန်တင်နိုင်ခဲ့ပါတယ်။

အသက်လက်တီကိုမက်ဒရစ်အသင်းဟာ အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်နေတဲ့ ကွင်းလယ်လူဒီပေါလ်ကို ပြောင်းရွှေ့ကြေး ယူရို(၃၅)သန်းနဲ့ ခေါ်ယူသွားဖို့ သဘောတူညီမှု ရယူထားနိုင်ခဲ့ပြီဖြစ်တာကြောင့် သိပ်မကြာခင်မှာပဲ ဆေးစစ်မှုတွေ ပြုလုပ်သွားတော့မှာဖြစ်သလို အသင်းရဲ့ စပိန်ကွင်းလယ်လူ ဆာအူးကိုလည်း အသင်းကနေ ထွက်ခွာခွင့်ပေးဖွယ် ရှိနေပါတယ်။

လက်ရှိမှာ စပိန်လက်ရွေးစင်အသင်းနဲ့အတူ ယူရို-၂၀၂ဝပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်လို့နေတဲ့ တိုက်စစ်ကစားသမား အဲဗာရိုမိုရာတာဟာ လက်ရှိ သူရဲ့ကလပ်အသင်းဖြစ်တဲ့ ဂျုဗင်တပ်စ်အသင်းနဲ့ နောက်ထပ်တစ်ရာသီ အငှားစာချုပ်သက်တမ်းကို တိုးမြှင့်လိုက်ပြီဖြစ်တယ်လို့ ဂျုဗင်တပ်စ်အသင်းဘက်ကနေ တရားဝင်ထုတ်ပြန်သွားခဲ့ပါတယ်။