MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇွန်လ ၁၅ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ပိုလန်လက်ရွေးစင်အသင်းရဲ့ ဂိုးသမား ဆဇက်စနီဟာ ဆလိုဗက်ကီးယားနဲ့ပွဲစဉ်မှာ Og ဂိုးသွင်းယူခဲ့ပြီး ယူရိုပြိုင်ပွဲ သမိုင်းတလျှောက် ပထမဆုံးအကြိမ် ကိုယ့်ဂိုးကိုယ် သွင်းယူတဲ့ ဂိုးသမားဖြစ်လာခဲ့ရသလို တူရကီ နောက်ခံလူ ဒီမီရယ်လ်မှာလည်း ယူရိုပြိုင်ပွဲ သမိုင်းတလျှောက် အဖွင့်ပွဲစဉ်မှာပဲ ပထမဆုံးအကြိမ် Og ဂိုး သွင်းယူမိခဲ့တဲ့ ကစားသမား ဖြစ်လာခဲ့ရကာ တိုက်တိုက်ဆိုင်ဆိုင် ဒီကစားသမား(၂)ဦးက ဂျုဗင်တပ်စ်ကစားသမားတွေ ဖြစ်နေခဲ့ရပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ပြင်သစ်လက်ရွေးစင် နောက်ခံကစားသမား ရာဖယ်ဗာရန်းဟာ ဒီနှစ်နွေစျေးကွက်အတွင်းမှာ အသင်းကနေ ထွက်ခွာသွားချင်နေပြီး သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားလို့နေတဲ့ ကလပ်အသင်းတွေထဲကမှ ပီအက်စ်ဂျီအသင်းကိုသာ ရွေးချယ်သွားချင်နေပြီး ပြင်သစ်မြေကို ပြန်သွားချင်တာကြောင့် ယူနိုက်တက်ထက် ပီအက်စ်ဂျီကိုပဲ ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။

ယူကရိန်းထိပ်သီးကလပ် ရှက်တာဒိုးနက်အသင်းဟာ ဘင်ဖီကာအသင်းရဲ့ အသက်(၂၃)နှစ်အရွှယ်ရှိ ဘရာဇီးညာတောင်ပံကစားသမား ပီဒရီညိုကို ပြောင်းရွှေ့ကြေး ယူရို(၁၈)သန်းနဲ့ ခေါ်ယူလိုက်နိုင်ပြီဖြစ်ပြီး (၄)နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

လာမယ့်ဘောလုံးရာသီမှာ ယူရိုပါလိဂ်ပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲခွင့် ရရှိသွားမယ့် ဝက်စ်ဟမ်းယူနိုက်တက်အသင်းဟာ ဘန်လေအသင်းရဲ့ အင်္ဂလန်နောက်ခံကစားသမား တာကောစကီးကို အရခေါ်ယူသွားချင်နေပြီး ကစားသမားကိုယ်တိုင်ကလည်း အသင်းပြောင်းဖို့ ဆန္ဒရှိလို့နေတာကြောင့် အပြောင်းအရွှေ့ ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။

ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်အတွင်းမှာ ရရှိခဲ့တဲ့ မျက်နှာဒဏ်ရာတွေကြောင့် အနားယူနေရပြီး ယူရိုအုပ်စုအဖွင့်ပွဲစဉ်ကို လွဲချော်ခဲ့ရတဲ့ ကီဗင်ဒီဘရိုင်းနားဟာ လက်ရှိမှာတော့ လေ့ကျင့်ခန်းတွေ ပြန်လည်ဆင်းနေနိုင်ပြီ ဖြစ်တာကြောင့် ဒိန်းမတ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် အုပ်စုဒုတိယမြောက်ပွဲစဉ်မှာ ပါဝင်ဖွယ်ရှိနေပါတယ်။

လတ်တလောမှာ ကောလဟာလ သတင်းတွေ ထွက်ပေါ်နေသလို နယ်သာလန်ကွင်းလယ်လူ ဗန်ဒယ်ဘိခ်ရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အာဆင်နယ်အသင်းတို့ကြားမှာ ဆွေးနွေးမှုတစ်စုံတစ်ရာ ရှိမနေကြောင်းနဲ့ အာဆင်နယ်ဘက်က တခြားသော ကွင်းလယ်လူတစ်ဦးကိုသာ ခေါ်ယူသွားမှာဖြစ်ကြောင်း ဖာဘရီဇီယိုရိုမာနိုက ထုတ်ဖော်ပြောဆိုထားပါတယ်။