MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့ ဇွန်လ ၁၅ရက်နေ့ မနက်၈နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

Photo Credit : Getty Image

ချယ်လ်ဆီးအသင်းကတော့ ပရီးမီးယားလိဂ်ပွဲတွေ ပြန်လည်မစတင်သေးခင်မှာ ချန်ပီယံရှစ်ကလပ်တွေနဲ့ ခြေစမ်းပွဲတွေ ဆင်နွဲနေလျက်ရှိပြီး မနေ့က ကစားသွားခဲ့တဲ့ပွဲမှာ ကျူပီအာအသင်းကို (၇)ဂိုး(၁)ဂိုးနဲ့ကို အပြတ်အသတ်အနိုင်ရသွားခဲ့ပါတယ်။ ချယ်လ်ဆီးအတွက် သွင်းဂိုးတွေကို ဂေးလ်မော့နဲ့ လော့တပ်ချိဖ်တို့က (၂)ဂိုးစီနဲ့ ဝီလီယံ ဂျရှးနဲ့ မေဆန်မောင့်တို့က (၁)ဂိုးစီ သွင်းယူခဲ့ကြပါတယ်။

Photo Credit : Getty Image

အသက်လက်တီကိုမက်ဒရစ်အသင်းဟာ မနေ့ညက ကစားသွားခဲ့တဲ့ လာလီဂါပွဲစဉ်အတွင်းမှာ ဘီလ်ဘာအိုနဲ့ တစ်ဂိုးစီသရေကျခဲ့တာကြောင့် ဒီရာသီအတွင်း သူတို့အသင်းရဲ့လိဂ်ပွဲသရေကျမှုက (၁၃)ကြိမ်အထိ ရှိသွားခဲ့ရာကာ ၁၉၇၄-၁၉၇၅ ဘောလုံးရာသီ ၁၉၇၈-၁၉၇၉ ဘောလုံးရာသီ ၁၉၉၀-၁၉၉၁ ဘောလုံးရာသီနဲ့ ၂၀၀၅-၂၀၀၆ ဘောလုံးရာသီတွေရဲ့ လိဂ်ပွဲသရေကျမှုစံချိန်တွေနဲ့ တူညီသွားခဲ့ရပါတယ်။

Photo Credit : Getty Image

ပီအက်စ်ဂျီအသင်းရဲ့ ဒါရိုက်တာဖြစ်သူ လီယိုနာဒိုက လာမယ့်အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ သူတို့အသင်းအနေနဲ့ ငွေအသုံးကြမ်းမှာမဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာ အီကာဒီကို အင်တာကနေ အပြီးသတ်ခေါ်ယူထားခဲ့ပေမယ့် ယူရိုသန်းတစ်ရာကျော် အပြောင်းအရွှေ့မျိုးတွေတော့ ဒီစျေးကွက်အတွင်းမှာ ဖြစ်လာမှာမဟုတ်ဘူးလို့ လီယိုနာဒိုက ပြောဆိုထားခဲ့ပါတယ်။

Photo Credit : Getty Image

ဂျုဗင်တပ်စ်အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ တိုက်စစ်မှူးဟီဂွာအင် ကွင်းလယ်ကစားသမားရမ်ဆေးနဲ့ ဝါရင့်နောက်ခံလူကြီး ချီလီနီတို့ (၃)ယောက်လုံးဟာ သူတို့ဒဏ်ရာနဲ့ ကြံခိုင်ရေးအခြေအနေတွေကြောင့် နာပိုလီအသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့် ကိုပါအီတလီယာ ဗိုလ်လုပွဲစဉ်မှာ ဂျုဗင်တပ်စ်အသင်းအတွက် ဝင်ရောက်ကစားပေးဖို့ မသေချာပဲဖြစ်နေပါတယ်။

Photo Credit : Getty Image

အဲဗာတန်အသင်းဟာ မကြာခင်ရက်ပိုင်းအတွင်းမှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဝါရင့်ဘရာဇီး နောက်ခံကစားသမားကြီး သီယာဂိုဆေးဗားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေကို စတင်ပြုလုပ်နေပါတယ်။ ဆေးဗားနဲ့ လက်ရှိအဲဗာတန်နည်းပြ အန်စလော့တီတို့ဟာ ပီအက်စ်ဂျီအသင်းမှာ အတူလက်တွဲလုပ်ကိုင်ခဲ့ဖူးသူတွေလည်းဖြစ်ပါတယ်။