MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇွန်လ ၁၄ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အသက်လက်တီကိုမက်ဒရစ်အသင်းဟာ အူဒီးနီးစ်အသင်းရဲ့ အာဂျင်တီးနား ကွင်းလယ်ကစားသမား ဒီပေါလ်ကို အသင်းရဲ့ အဓိကပစ်မှတ်အဖြစ်နဲ့ သတ်မှတ်ထားလျက် ရှိနေသလို အေစီမီလန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် တူရကီကွင်းလယ်လူ ချာဟာနိုဂလူးကိုလည်း ခေါ်ယူသွားဖို့အတွက် စီစဉ်လျက်ရှိနေတယ်လို့ သိရပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းဟာ မနေ့ညက ခရိုအေးရှားလက်ရွေးစင်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ယူရို-၂၀၂၀ အုပ်စု(D) အုပ်စုအဖွင့်ပွဲစဉ်မှာ ရာဟင်စတာလင်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ နိုင်ပွဲတစ်ပွဲကို ရယူနိုင်ခဲ့ပြီးနောက် အသင်းရဲ့ သမိုင်းတလျှောက် ဆင်နွဲခဲ့ဖူးတဲ့ ယူရိုပြိုင်ပွဲတွေထဲကမှ အုပ်စုအဖွင့်ပွဲစဉ်ကို ပထမဆုံးအကြိမ်အဖြစ် အနိုင်ရယူနိုင်ခဲ့တာ ဖြစ်ခဲ့ရပါတယ်။

မန်စီးတီးအသင်းရဲ့ စပိန်နောက်ခံကစားသမား လာပေါ့တ်ဟာ ဒီနှစ်ရဲ့ နွေရာသီအပြောင်းအရွှေ့စျေးကွက်အတွင်းမှာ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ခွင့်ရဖို့အတွက် မန်စီးတီးအသင်းဘက်ကို ဖိအားမှုတွေ လုပ်ဆောင်သွားဖွယ် ရှိနေပြီး ဘာစီလိုနာဘက်က ဘဏ္ဍာရေး အကျပ်အတည်း ရှိနေပေမယ့် ကစားသမားကိုယ်တိုင်ကတော့ ဘာစီကိုသာ ပြောင်းရွှေ့ချင်နေပါတယ်။

ညာခြမ်းခံစစ်အခြမ်းမှာသာ ပါဝင်ကစားတတ်သူဖြစ်တဲ့ အင်္ဂလန်နောက်ခံအစွန်လူ ကီရန်ထရစ်ပီယာဟာ ခရိုအေးရှားအသင်းနဲ့ပွဲစဉ်မှာတော့ ဘယ်ခြမ်းခံစစ်နေရာမှာ ပြောင်းလဲကစားခဲ့ရပြီး အင်္ဂလန်အသင်းကလည်း ထရစ်ပီယာကို ဘယ်နောက်ခံနေရာကနေ ပါဝင်ကစားခဲ့တဲ့ ပွဲစဉ်(၄)ပွဲလုံးမှာ နိုင်ပွဲတွေကို တောက်လျှောက်ရယူနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မနက်အစောပိုင်းက ယှဉ်ပြိုင်သွားခဲ့ကြတဲ့ မက္ကဆီကိုအသင်းနဲ့ ဟွန်ဒူးရပ်စ်အသင်းတို့ရဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲစဉ်အတွင်းမှာ နှစ်ဖက်အသင်းတွေရဲ့ ပရိသတ်လာရောက်အားပေးကြည့်ရှုမှုက (၇)သောင်းအထိကို ရှိခဲ့ရပြီး ဒီပမာဏဟာ ကိုဗစ်ဂယက် ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဘောလုံးပွဲတစ်ပွဲကို ပရိသတ်ဝင်ရှုမှု အများဆုံးပမာဏလည်း ဖြစ်ခဲ့ရပါတယ်။