MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့ ဇွန်လ ၁၂ရက်နေ့ မနက်၈နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

လီဗာပူးလ်အသင်းဟာ မနေ့ညက ချန်ပီယံရှစ်ကလပ် ဘလက်ဘန်းအသင်းနဲ့ ခြေစမ်းပွဲကစားခဲ့ကြပြီး ခြေစွမ်းပြသခဲ့ကာ (၆)ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရသွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းအတွက် သွင်းဂိုးတွေကို မာနေး ကီတာတို့အပြင် အသင်းကို ဇန်နဝါရီလကမှ ရောက်ရှိလာခဲ့တဲ့ ဂျပန်တိုက်စစ်ကစားသမားလေး မီနာမီနိုကပါ သွင်းယူနိုင်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့ ကောလဟာလသတင်းတွေ ထွက်ပေါ်လို့နေတဲ့ ဘိုင်ယန်မြူးနစ်အသင်း ကွင်းလယ်ကစားသမား တိုလစ်ဆိုရဲ့အေးဂျင့်ဖြစ်သူက အခုလို သူရဲ့ကစားသမားနဲ့ ယူနိုက်တက်အသင်းတို့ကြား သတင်းတွေ ထွက်ပေါ်နေတယ်ဆိုတာ အမှန်မဟုတ်ပဲ သူတို့ကြားမှာ ဘာဆွေးနွေးမှုမှာ ရှိမနေသေးကြောင်း ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ နေရာပျောက်ဆုံးလို့နေတဲ့ ဆာဘီးယားတိုက်စစ်ကစားသမား လူကာဂျိုဗစ်ကို လာမယ့်ရာသီမှာ ခေါ်ယူသွားဖို့ ပစ်မှတ်ထားလျက်ရှိနေပြီး အေစီမီလန်အသင်းကလည်း ဂျိုဗစ်ကို တစ်ရာသီအငှားစာချုပ်နဲ့ ကမ်းလှမ်းဖို့အတွက် ကစားသမားရဲ့အေးဂျင့်ဖြစ်သူနဲ့ ချိတ်ဆက်လျက်ရှိနေပါတယ်။

အဲဗာတန်နဲ့စပါးအသင်းတို့ဟာ ချယ်လ်ဆီးအသင်းရဲ့ ပြင်သစ်နောက်ခံကစားသမားဇူးမားကို ခေါ်ယူဖို့အတွက် အပြိုင်စိတ်ဝင်စားလျက်ရှိနေပါတယ်။ ချယ်လ်ဆီးအသင်းကလည်း ဇူးမားကို ရောင်းချဖို့ အစီအစဉ်ရှိနေတဲ့အတွက် ကမ်းလှမ်းမှုတွေ နားစွှင့်လျက်ရှိနေကာ ပြောင်းရွှေ့ကြေး ပေါင်သန်း(၂၀)လောက်နဲ့ လာရောက်ကမ်းလှမ်းပါက ရောင်းချဖွယ်ရှိနေပါတယ်။