MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇွန်လ ၁၂ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို တကျော့ပြန် တတ်လှမ်းလာနိုင်ခဲ့တဲ့ ဝက်ဖိုဒ့်အသင်းကတော့ နွေရာသီ ပြင်ဆင်မှုတစ်ခုအဖြစ်နဲ့ အသက်(၂၅)နှစ်အရွှယ်ရှိ တိုက်စစ်မှူးအက်ရှ်လေဖလက်ချာကို မစ်ဒယ်ဘရော့အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူအားဖြည့်လိုက်ပြီဖြစ်ပါတယ်။ ဖလက်ချာဟာ မန်ချက်စတာယူနိုက်တက် လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူလည်းဖြစ်ပါတယ်။

ယူရိုပါလိဂ်ချန်ပီယံ ဗီလာရီးယဲလ်အသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက စပါးအသင်းကနေ တစ်ရာသီအငှားနဲ့ ခေါ်ယူဖြစ်ခဲ့တဲ့ အာဂျင်တီးနား နောက်ခံကစားသမား ဟွမ်ဖွိုက်ကို ပြောင်းရွှေ့ကြေး ယူရို(၁၅)သန်းနဲ့ အပြီးသတ်ခေါ်ယူလိုက်ကာ ၂၀၂၃ခုနှစ်အထိ စာချုပ်ချုပ်ဆိုဖြစ်ခဲ့ပါတယ်။ ဖွိုက်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ဗီလာရီးယဲလ်အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၃၂)ပွဲအထိ ပါဝင်ကစားခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း ပြင်သစ်လီဂူးချန်ပီယံ လိုင်လီအသင်းမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ နယ်သာလန်နောက်ခံကစားသမား ဆဗန်ဘို့တ်မန်းကို ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းတွေအပြင် ခရစ္စတီယန်ရိုမဲရိုးနဲ့ လက်တွဲဖြုတ်ရဖွယ် ရှိလို့နေတဲ့ စီးရီးအေကလပ် အတ္တလန်တာအသင်းကပါ စိတ်ဝင်စားနေတယ်လို့ ဖာဘရီဇီယိုရိုမာနိုကနေ ဖော်ပြလာခဲ့ပါတယ်။

ယူရို-၂၀၂ဝပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲလျက်ရှိနေတဲ့ အီတလီလက်ရွေးစင်အသင်းရဲ့ ဂိုးသမားတစ်ယောက်ဖြစ်သူ ဒွန်နာရမ်မာဟာ လက်ရွေးစင်အသင်းတွေအတွက် အဓိကပြိုင်ပွဲကြီး (၂)ခုဖြစ်တဲ့ ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲတွေမှာ ပါဝင်ခွင့်ရခဲ့တဲ့ အီတလီအသင်းရဲ့ အသက်အငယ်ဆုံးသော ဂိုးသမားတစ်ဦး ဖြစ်လာခဲ့ရပါတယ်။

ယူရိုပြိုင်ပွဲဲရဲ့ သမိုင်းတလျှောက်မှာ အုပ်စုအဖွင့်ပွဲစဉ်အတွင်း တစ်ကြိမ်တစ်ခါမှ ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့မှုဆိုတာ မရှိခဲ့ပေမယ့်လည်း လက်ရှိမှာ ကျင်းပနေတဲ့ ယူရို-၂၀၂ဝပြိုင်ပွဲမှာတော့ တူရကီလက်ရွေးစင်အသင်းရဲ့ နောက်ခံကစားသမား ဒီမီရယ်လ်က OG ဂိုး သွင်းယူမိတာကြောင့် ယူရိုပြိုင်ပွဲရဲ့ အဖွင့်ပွဲအတွင်း သွင်းယူခဲ့တဲ့ ပထမဆုံး OG ဂိုးတစ်ဂိုးအဖြစ် မှတ်တမ်းဝင်သွားခဲ့ရပါတယ်။