MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့ ဇွန်လ ၁၁ရက်နေ့ မနက်၈နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

စပါးအသင်းနည်းပြ ဟိုဆေးမော်ရင်ဟိုဟာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မယ့် ဝါရင့်ပြင်သစ်တိုက်စစ်မှူးကြီး အိုလီဗာဂျရှးကို စပါးအသင်းဆီ ခေါ်ဆောင်သွားဖို့ စိတ်ဝင်စားလျက်ရှိနေပါတယ်။ အာဆင်နယ်တိုက်စစ်မှူးဟောင်း ဂျရှးကို စီးရီးအေ ထိပ်သီးကလပ်အသင်းတွေဖြစ်တဲ့ လာဇီယိုနဲ့ အင်တာမီလန်အသင်းတို့ကနေလည်း ပစ်မှတ်ထားလျက်ရှိနေပါတယ်။

အက်စပန်ညိုအသင်းရဲ့ တရုတ်လက်ရွေးစင် ကွင်းလယ်ကစားသမား ဝူလေဟာ လက်ရှိမှာတော့ ဝုလ်ဗ်အသင်းကို ပြောင်းရွှေ့ကစားဖို့အတွက် ဆွေးနွေးမှုတွေ စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။ အသက်(၂၈)နှစ်အရွှယ် ကစားသမား ဝူလေဟာ လာမယ့်ဒီဇင်ဘာလမှာပဲ အက်စပန်ညိုအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းနဲ့လမ်းခွဲဖို့ကိုလည်း ဆုံးဖြတ်ထားသူဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ နေရာပျောက်ဆုံးလို့နေတဲ့ ပြင်သစ်ကွင်းလယ်ကစားသမား ကော်ရန်တင်တိုလစ်ဆိုကို ခေါ်ယူဖို့အတွက် ဘိုင်ယန်နဲ့ ဆွေးနွေးမှုတွေ စတင်ပြုလုပ်နေပြီဖြစ်တယ်လို့ RMC ကနေ ဖော်ပြလာခဲ့ပါတယ်။ ဘိုင်ယန်က သူတို့ကစားသမားကို ရောင်းချဖို့ အဆင့်သင့်ရှိနေပြီး ပြောင်းရွှေ့ကြေးကိုတော့ ပေါင်သန်း(၃၀)လောက် အလိုရှိနေတာဖြစ်ပါတယ်။

အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား ပေါ်လိုဒီဘားလားဟာ ဂျုဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ကို နီးစပ်လို့နေပြီး တစ်နှစ်လုပ်ခ ယူရို(၁၂)သန်းနဲ့ သဘောတူညီမှု ရယူနိုင်တော့မယ်လို့ သိရှိရပါတယ်။ ဒီဘားလားနဲ့ ဂျုဗင်တပ်စ်အသင်းတို့ ယခင်ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက လာမယ့်၂၀၂၂ခုနှစ်မှာ သက်တန်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။

လာမယ့်(၂၂)ရက်နေ့မှာ ကျင်းပသွားမယ့် အဲဗာတန်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ််ပွဲစဉ်(၃၀) မာဆေးဆိုက်ဒါဘီပွဲစဉ်ကို ကြားကွင်းမှာ ကျင်းပတော့မှာမဟုတ်ပဲ အဲဗာတန်အသင်းရဲ့အိမ်ကွင်း ဂူဒီဆင်ပတ်မှာသာ ကွင်းပိတ်ပြီးသာ ကျင်းပသွားတော့မှာပဲဖြစ်ပါတယ်။