MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့ ဇွန်လ ၁၀ရက်နေ့ မနက်၈နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဝေးလ်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဂါရတ်ဘေးလ်ဟာ ဒဏ်ရာကနေ လုံးဝသက်သာလာခဲ့ပြီဖြစ်လို့ အသင်းနဲ့အတူ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ပြန်လည်ပါဝင်လာနိုင်ပြီဖြစ်သလို (၁၅)ရက်နေ့မှာ ကစားသွားမယ့် အီဘာနဲ့ စပိန်လာလီဂါပွဲမှာ အသင်းနဲ့ ပွဲထွက်ကစားဖွယ် ရှိနေပါတယ်။

လီဗာပူးလ်အသင်းဟာ အခုဇွန်လကုန်မှာပဲ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မယ့် ကွင်းလယ်ကစားစမား အဒမ်လယ်လာနာကို ကာလတိုစာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။ လီဗာပူးလ်ဟာ သူတို့ရဲ့ အသက်(၃၂)နှစ်အရွှယ် အင်္ဂလန်ကွင်းလယ်ကစားသမားကို ဒီနှစ်ဘောလုံးရာသီ ကုန်ဆုံးချိန်ထိ အသင်းမှာ ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ရေတိုစာချုပ်တစ်ခုကို ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ သူတို့အသင်းရဲ့ ကြယ်ပွင့်ကစားသမားလေး ကီလီယန်အမ်ဘာပေကို အသင်းမှာ နှစ်ရှည်ထိန်းသိမ်းထားနိုင်ဖို့အတွက် စာချုပ်သစ်တစ်ရပ်ကို ကမ်းလှမ်းဖို့ ပြင်ဆင်လို့နေပြီး အသင်းဖော်နေမာ ရရှိနေတဲ့ တစ်ပတ်လုပ်ခပမာဏလောက် ညီမျှတဲ့လစာနဲ့ ကမ်းလှမ်းဖွယ်ရှိနေတယ်လို့ ပြင်သစ်သတင်းမီဒီယာ Le10Sport ကနေ ဖော်ပြလာခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေ ပြန်လည်စကစားခင် အသင်းသားတွေ အဆင်သင့်ဖြစ်နေစေဖို့အတွက် လိဂ်ချန်ပီယံရှစ်ကလပ် စတုတ်စီးတီးအသင်းနဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်မှာ ခြေစမ်းပွဲကစားဖို့အတွက် စီစဉ်ခဲ့ပေမယ့်လည်း ပွဲမကျင်းပခင် မိနစ်ပိုင်းအလိုမှာပဲ ခြေစမ်းပွဲကို ကျင်းပဖို့ အစီအစဉ်ပြတ်သွားခဲ့ရပါတယ်။

အင်္ဂလန် အမှတ်ပေးလိဂ်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ လိဂ်ဝမ်းပြိုင်ပွဲရဲ့ ကလပ်အသင်းများအားလုံးဟာ ဒီနှစ်ဘောလုံးရာသီကို အဆုံးသတ်လိုက်ဖို့အတွက် သဘောတူညီခဲ့ကြသလို အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်လို့နေတဲ့ ကိုဗင်ထရီစီးတီးအသင်းကိုလည်း လိဂ်ဝမ်းချန်ပီယံအဖြစ် သတ်မှတ်ပေးခဲ့ကြပါတယ်။