MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၉ရက်နေ့ မနက်၈နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မက္ကဆီကိုလက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်သူ မာတီနိုက အသင်းရဲ့တိုက်စစ်ကစားသမား ရာအူးဂျီမီနက်ဇ်အနေနဲ့ ဝုလ်ဗ်ကနေ ထွက်ခွာမယ်ဆိုရင် သူ့ကို အလိုရှိနေတဲ့ ကလပ်အသင်းတွေထဲကမှ ဂျုဗင်တပ်စ်အသင်းထက် မန်ချက်စတာယူနိုက်တက်အသင်းကို ရွေးချယ်သင့်တယ်လို့ အကြံပြုပြောဆိုလာခဲ့ပါတယ်။

ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းကနေ လိုက်ပ်ဇစ်အသင်းဆီကို ပြောင်းရွှေ့ကြေး ယူရို(၁၄)သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ တောင်ကိုရီးယားတိုက်စစ်ကစားသမား ဟွမ်ဟီချန်းဟာ သူရဲ့အသင်းသစ်လိုက်ပ်ဇစ်မှာ တိုက်စစ်မှူးဟောင်း တီမိုဝါနာ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်(၁၁)ကို ဆက်လက်ဝတ်ဆင်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ကစားသမား အန်တိုနီယိုဂရစ်ဇ်မန်းဟာ အသင်းနည်းပြဆက်တီယန်ရဲ့လက်အောက်မှာ ပွဲထွက်ခွင့်တွေနည်းပါးလို့ လာမယ့်စျေးကွက်အတွင်းမှာ အသင်းနဲ့လမ်းခွဲတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း ကစားသမားကိုယ်တိုင်ကတော့ ဘာစီလိုနာမှာပဲ သူရဲ့အနာဂတ်က ဆက်လက်ရှိနေဦးမှာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

အာဆင်နယ်အသင်းနဲ့ အဆင်မပြေဖြစ်လို့နေတဲ့ ကွင်းလယ်ကစားသမား ဂွမ်ဒူဇီကို လာမယ့်စျေးကွက်အတွင်း လိုချင်နေတဲ့ ကလပ်အသင်းတွေ များပြားလာခဲ့ပြီး အင်တာမီလန်နဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းတွေပါ ထပ်တိုးလာခဲ့သလို နောက်ဆုံးထွက်ပေါ်ထားတဲ့ သတင်းတွေအရ ဘာစီလိုနာအသင်းကလည်း ပြင်သစ်ကွင်းလယ်ကစားသမားကို ခေါ်ယူနိုင်ဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရှိရပါတယ်။

မနေ့ညက ဆယ်တာဗီဂိုနဲ့ လာလီဂါပွဲစဉ်မှာ သရေကျသွားခဲ့ရတဲ့ အသက်လက်တီကိုမက်ဒရစ်အသင်း အမှတ်ပေးဇယားရဲ့ အဆင့်(၃)နေရာမှာ ရပ်တည်ပြီး အဆင့်(၅)နေရာက ဗီလာရီးရဲလ်အသင်းကို အမှတ်များစွာ ဖြတ်တောက်ထားနိုင်ပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက်က လုံးဝမသေချာသေးပဲ လာမယ့်စနေနေ့မှာ ကစားသွားရမယ့် ဘက်တစ်နဲ့ပွဲစဉ်ကို မဖြစ်မနေ အနိုင်ရဖို့ လိုအပ်နေပါသေးတယ်။