MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၉ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ရက်ဒင်းအသင်းရဲ့ အသက်(၁၉)နှစ်အရွှယ်ရှိ ဆယ်ကျော်သက်အရွှယ် ပြင်သစ်လူငယ် ကွင်းလယ်တိုက်စစ်ကစားသမားလေး မီကယ်အိုလီစ်ကို ပြောင်းရွေ့ကြေး ယူရို(၈.၃၇)သန်းနဲ့ ခေါ်ယူလိုက်ပြီဖြစ်ပြီး (၅)နှစ်စာချုပ်ချုပ်ဆိုလိုက်တယ်လို့ သိရှိရပါတယ်။ အိုလီစ်ဟာ ချယ်လ်ဆီးလူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ လူငယ်ကြယ်ပွင့် ကစားသမားလေးတစ်ဦးလည်း ဖြစ်ပါတယ်။

အေစီမီလန်အသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ ပြင်သစ်ဝါရင့် တိုက်စစ်မှူးကြီး အိုလီဗီရာဂျရူးကို ခေါ်ယူသွားဖို့အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရယူထားနိုင်ခဲ့ပြီဖြစ်ပြီး ပြောင်းရွေ့ကြေးနဲ့ ပတ်သက်လို့ အသင်း(၂)သင်းရဲ့ကြားမှာ ဆက်လက်ဆွေးနွေးနေရဆဲဖြစ်ကာ မကြာခင်မှာပဲ အပြောင်းအရွေ့က အထမြောက်ဖွယ် ရှိနေပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြသစ် ဖြစ်လာခဲ့တဲ့ ဝါရင့်နည်းပြကြီး ကားလို့အန်စလော့တီက ယူရို-၂၀၂၀ ပြိုင်ပွဲမတိုင်ခင် ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်မှာ ထိပ်တိုက်တွေ့ဆုံမယ့် လက်ရွေးစင်အသင်း(၂)သင်းကို ရွေးချယ်ခဲ့ပြီး သူရွေးချယ်ခဲ့တဲ့ အသင်းတွေဖြစ်တဲ့ အင်္ဂလန်နဲ့ အီတလီ(၂)သင်းလုံးက တိုက်တိုက်ဆိုင်ဆိုင် ဗိုလ်လုပွဲမှာ တွေ့ဆုံနေရပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဖရန့်ဖတ်အသင်းမှာ တစ်ရာသီအငှားနဲ့ သွားရောက်ကစားခဲ့တဲ့ ဆာဘီးယားတိုက်စစ်ကစားသမား လူကာယိုဗစ်ဟာ အခုစျေးကွက်အတွင်းမှာတော့ အသင်းပြောင်းရွေ့တော့မှာမဟုတ်ပဲ ရီးယဲလ်မက်ဒရစ်အသင်းမှာပဲ ပါဝင်ကစားသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

စီးရီးအေ နာမည်ကျော်ကလပ် ရိုးမားအသင်းရဲ့ နည်းပြသစ် ဖြစ်လာခဲ့တဲ့ ဟိုဆေးမော်ရင်ဟိုက သူရဲ့ရိုးမားအသင်းအတွက် ကစားသမားသစ် ခေါ်ယူသွားဖို့ ပြင်ဆင်လျက်ရှိနေရာ သူနဲ့အတူ မန်ချက်စတာယူနိုက်တက်မှာ လက်တွဲခဲ့ဖူးခဲ့တဲ့ အိုင်ဗရီကို့စ် နောက်ခံကစားသမား အဲရစ်ဘာယီကို အလိုရှိနေတယ်လို့ သိရှိရပါတယ်။