MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၈ရက်နေ့ မနက်၈နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဖီအိုရင်တီးနားအသင်းရဲ့ ဝါရင့်ပြင်သစ်တောင်ပံကစားသမားကြီး ဖရန့်ရီဘာရီဟာ မကြာသေးခင်ကမှ အီတလီရှိ သူရဲ့နေအိမ်ကို ဖောက်ထွင်းခံလိုက်ရပြီး ဆုံးရှံးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အပေါ် အရမ်းကိုစိတ်ပျက်လို့နေပြီး သူရဲ့မိသားစုဝင်အတွက် လုံခြုံစိတ်ချရဖို့အတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ကောင်း ချမှတ်လာနိုင်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အင်တာမီလန်အသင်းနဲ့ သူတို့ရဲ့တိုက်စစ်ကစားသမား လော်သာရိုမာတီနက်ဇ်တို့ကြား ချုပ်ဆိုထားခဲ့တဲ့ ယူရို(၁၁၁)သန်း စာချုပ်လျော်ကြေးဟာ မနေ့ကပဲ သက်တမ်းကုန်ဆုံးသွားပြီဖြစ်လို့ သူ့ကို အလိုရှိနေတဲ့ ဘာစီလိုနာအသင်းအနေနဲ့ မာတီနက်ဇ်ကို ခေါ်ယူဖို့ ပိုမိုခက်ခဲသွားနိုင်သလို ကစားသမားကိုယ်တိုင်ကလည်း အသင်းမှာပဲ ဆက်လက်ရှိနေရဖွယ်ရှိနေပါတယ်။

ဘာစီလိုနာအသင်းရဲ့ဥက္ကဌဖြစ်သူ ဘာတိုမြူက လက်ရှိအသင်းရဲ့နည်းပြဆက်တီယန်အနေနဲ့ လာမယ့်ရာသီမှာလည်း ဘာစီလိုနာရဲ့နည်းပြအဖြစ် ဆက်လက်တာဝန်ယူနေရဦးမှာဖြစ်တယ်လို့ စပိန်သတင်းစာရဲ့ အင်တာဗျူးမှာ ဖြေဆိုသွားခဲ့ပြီး ဆက်တီယန်ရဲ့အနာဂတ်အတွက်ကိုလည်း အာမခံစကားတွေပါ ပြောဆိုသွားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဝါရင့်စပိန်ကွင်းလယ်ကစားသမား ဂျာဗီမာတီနက်ဇ်က အခုစျေးကွက်အတွင်းမှာပဲ အသင်းကနေ ထွက်ခွာဖွယ်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ မာတီနက်ဇ်ဟာ ဘိုင်ယန်ကို ရောက်ရှိနေခဲ့တာ (၈)နှစ်တောင် ကြာမြင့်နေပြီဖြစ်သလို အသင်းနဲ့ ဘွန်ဒစ်လီဂါချန်ပီယံဆုကို နှစ်တိုင်းနီးပါး ရယူနိုင်ခဲ့ပြီး အခုလက်ရှိတော့ စပိန်လာလီဂါဘက်ကို ပြန်လည်ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။

လတ်တလောမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေးကို ထွက်ပေါ်လို့နေတဲ့ အင်္ဂလန်တောင်ပံကစားသမား ဂျေဒန်ဆန်ချိုနဲ့ ယူနိုက်တက်နဲ့က အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဆွေးနွေးနေပြီဖြစ်သလို ဆန်ချိုသာ ရောက်လာခဲ့မယ်ဆိုရင် သူက ယူနိုက်တက်အတွက် မတူကွဲပြားတဲ့ အရာတွေကို ယူဆောင်လာလိမ့်မယ်လို့ ကစားသမားဟောင်း အန်ဒီကိုးက ပြောဆိုလာခဲ့ပါတယ်။