MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၇ရက်နေ့ မနက်၈နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မန်ချက်စတာမြို့ခံ အသင်းနှစ်သင်းဖြစ်တဲ့ မန်စီးတီးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ဟာ လေဗာကူဆင်အသင်းရဲ့ ဂျမေကာလက်ရွေးစင် တောင်ပံကစားသမားလေး လီယွန်ဘေလီကို အပြိုင်စိတ်ဝင်စားလို့နေပြီး မန်စီးတီးလည်း ဘိုင်ယန်ကိုပြောင်းသွားတဲ့ ဆာနေးရဲ့နေရာမှာ အစားထိုးချင်နေသလို မန်ယူကလည်း ဆန်ချိုကို မခေါ်ယူနိုင်ရင် ဘေလီကိုသာ ပြောင်းလဲကမ်းလှမ်းဖွယ် ရှိနေပါတယ်။

ဂျုဗင်တပ်စ်အသင်းရဲ့နည်းပြဟောင်း မက်စ်အယ်လီဂရီက မကြာခင်မှာပဲ နည်းပြနယ်ပယ်ထဲကို ပြန်လည်ဝင်ရောက်တော့မှာဖြစ်ပြီး ရည်မှန်းချက်အရမ်းကြီးမားပြီး အောင်မြင်မှုတွေ ဆာလောင်နေတဲ့ အသင်းတစ်သင်းကို ကိုင်တွယ်ချင်တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ အယ်လီဂရီဟာ လက်ရှိမှာတော့ ပီအက်စ်ဂျီအသင်းနဲ့ သတင်းတွေ ထွက်ပေါ်လို့နေပါတယ်။

လီဗာပူးလ်အသင်းရဲ့နောက်ခံကစားသမားဟောင်း ဟိုဆေးအင်းနရစ်က လီဗာပူးလ်အသင်းအနေနဲ့ ဘာစီလိုနာမှာ အဆင်မပြေဖြစ်နေတဲ့ ကစားသမားဟောင်း ဖီလစ်ပီကော်တင်ဟိုကို ပြန်လည်ခေါ်ယူသင့်တယ်လို့ အကြံပြုသွားခဲ့ပါတယ်။ ဟင်းနရစ်က လီဗာပူးလ်မှာ No.10 Role ကစားတဲ့ Playmaker တစ်ယောက်လိုအပ်နေတာကြောင့် ဒီနေရာက ကော်တင်ဟိုသာ အသင့်တော်ဆုံးလို့ သုံးသပ်သွားခဲ့ပါတယ်။

ဒေါ့မွန်အသင်းဟာ ပရီးမီးယားလိဂ်ကလပ် နောရစ်ချ်စီးတီးအသင်းရဲ့ အင်္ဂလန်ယူ-၂၁ နောက်ခံကစားသမား ဘန်ဂေါ့လ်ဖရီကို ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေပါတယ်။ ဒီကစားသမားလေးကို စပါး အာဆင်နယ်အသင်းတွေကလည်း ပစ်မှတ်ထားလို့နေပြီး ဒီအသင်းတွေထက် လက်ဦးမှုရယူနိုင်ဖို့အတွက် ဒေါ့မွန်ဘက်ကနေ ပေါင်(၂၅)သန်းနဲ့ ကမ်းလှမ်းဖွယ်ရှိနေပါတယ်။

ဒီနှစ်ဘောလုံးရာသီမှာ ဗီလာရီးရဲလ်အသင်းအတွက် ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ စပိန်နောက်ခံကစားသမား ပါအူတောရက်စ်ကို ချယ်လ်ဆီးဘက်ကနေ ခေါ်ယူချင်နေတယ်လို့ စပိန်မီဒီယာတစ်ခုကနေ ထုတ်ပြန်လာခဲ့ပါတယ်။ ဒီအသက်(၂၃)အရွှယ် ကစားသမားကို ရီးရဲလ်မက်ဒရစ် ဘာစီလိုနာတို့ကလည်း စောင့်ကြည့်လျက်ရှိနေပြီး အသင်းနဲ့ စာချုပ်သက်တမ်း(၄)နှစ်တောင် ကျန်ရှိသေးတာဖြစ်လို့ ပြောင်းရွှေ့ကြေးက အလွန်မြင့်မားနိုင်ပါတယ်။