MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၇ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အင်တာမီလန်အသင်းဟာ အက်စတွန်ဗီလာအသင်းဆီကို လက်လွတ်လိုက်ရတဲ့ ဝါရင့်ကစားသမားကြီး အက်ရှ်လေယန်းရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘရာဇီးဘယ်နောက်ခံလူ တဲလက်စ်နဲ့ လီဗာပူးလ်အသင်းရဲ့ ဂရိဘယ်နောက်ခံကစားသမား ဆမီးကတ်စ်တို့ကို ပစ်မှတ်ထားလျက် ရှိနေပါတယ်။

ယူရို-၂၀၂၀ပြိုင်ပွဲအတွင်း အီတလီအသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသထားတာကြောင့် ကလပ်အသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်လာခဲ့တဲ့ နောက်ခံအစွန်လူ စပင်နာဇိုလာကို ဆုံးရှံးရဖွယ် ရှိလို့နေတဲ့ ရိုးမားအသင်းဟာ အသင်းရဲ့ကစားသမားဟောင်းဖြစ်သူ အီမာဆန်ကို ချယ်လ်ဆီးအသင်းကနေ ပြန်လည်ခေါ်ယူချင်နေပါတယ်။

အာဆင်နယ်အသင်းဟာ အန်ဒါလက်ချ်အသင်းရဲ့ အသက်(၂၁)နှစ်အရွှယ်ရှိ ဘယ်ဂျီယံ ကွင်းလယ်ကစားသမားလေး ဆန်ဘီလိုကွန်ဂါကို ခေါ်ယူသွားဖို့အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက် ရယူနိုင်ခဲ့ပြီဖြစ်ပြီး (၅)နှစ်စာချုပ် ချုပ်ဆိုသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အာဆင်နယ်ဟာ ဘင်ဖီကာ ဘယ်နောက်ခံလူ တာဗာရက်စ်ကိုလည်း အပြီးသတ်ခေါ်ယူနိုင်တော့မှာလည်း ဖြစ်ပါတယ်။

စပိန်အသင်းဟာ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ဥရောပချန်ပီယံရှစ်(ယူရို)ပြိုင်ပွဲတွေမှာ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိလာပြီဆိုတိုင်း ပြိုင်ဘက်အသင်းတွေကို အနိုင်ယူပြီး ဖိုင်နယ်အထိ တတ်လှမ်းနိုင်ခဲ့တဲ့ မှတ်တမ်းကောင်းတွေ ရှိခဲ့ပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ အီတလီကို ပင်နယ်တီအဆုံးအဖြတ်မှာ အရေးနိမ့်လိုက်ရတာကြောင့် ဆီမီးဖိုင်နယ်အဆင့်နဲ့ပဲ ကျေနပ်လိုက်ရပါတယ်။

နိုင်ငံတကာလက်ရွေးစင် ဘောလုံးအသင်းတွေထဲမှာမှ အီတလီဘောလုံးအသင်းဟာ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ဥရောပချန်ပီယံရှစ်(ယူရို)ပြိုင်ပွဲတွေအတွင်းမှာ ဗိုလ်လုပွဲအဆင့်ထိကို (၁၀)ကြိမ် တတ်လှမ်းနိုင်ခဲ့ပြီး ဖိုင်နယ်ကို (၁၄)ကြိမ်အထိ တတ်လှမ်းလို့ထားတဲ့ ဂျာမနီအသင်းရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်လို့နေပါတယ်။ ဒါ့အပြင် အီတလီအသင်းဟာ လက်ရှိမှာလည်း ပြိုင်ပွဲစုံ(၃၃)ပွဲဆက်တိုက် ရှုံးပွဲမရှိနဲ့ (၁၆)ပွဲဆက်တိုက် အနိုင်ရထားတဲ့ မှတ်တမ်းကောင်းတစ်ခုကိုလည်း ပိုင်ဆိုင်လို့ထားပါတယ်။