MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၆ရက်နေ့ မနက်၈နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မန်ချက်စတာယူနိုက်တက်အသင်းမှာ ပုံမှန်ပွဲထွက်ကစားခွင့်တွေ နည်းပါးလာခဲ့တဲ့ ဝါရင့်စပိန်ကွင်းလယ်ကစားသမား ဟွမ်မာတာဟာ လာမယ့်နွေစျေးကွက်မှာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေပြီး လက်ရှိမှာတော့ တူရကီထိပ်သီး ကလပ်အသင်းကြီးဖြစ်တဲ့ ဖီနာဘာချီနဲ့ သတင်းတွေ ထွက်ပေါ်လို့နေကာ ဆွေးနွေးမှုတွေတောင် ပြုလုပ်နေတယ်လို့ သိရှိရပါတယ်။

ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ဆောက်သမ်တန်အသင်းရဲ့ တိုက်စစ်ကစားသမား ချီအဒမ်ဟာ မနေ့ညက မန်စီးတီးအသင်းနဲ့ ကစားခဲ့တဲ ့ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း အသင်းအတွက် အဖွင့်ဂိုးတစ်ဂိုး ရယူပေးခဲ့ရကာ ဒီဂိုးက သူရဲ့ဆောက်သမ်တန်ကစားသမားဘဝ ပထမဆုံး ပရီးမီးယားလိဂ်သွင်းဂိုးဖြစ်ခဲ့ပြီး အသင်းနဲ့ (၂၅)ပွဲအထိ ပါဝင်ခဲ့ပြီးမှ ဒီသွင်းဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဝါရင့်ခရိုအေးရှား တိုက်စစ်ကစားသမားကြီး မာရီယိုမန်ဇူကစ်က သူလက်ရှိ ပါဝင်ကစားလို့နေတဲ့ ကာတာကလပ် အယ်ဒူဟေးအသင်းနဲ့ စာချုပ်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်။ မန်ဇူကစ်ဟာ အယ်ဒူဟေးအသင်းမှာ (၁၀)ပွဲသာ ပါဝင်ကစားဖြစ်ခဲ့ပြီး သွင်းဂိုးလည်း (၂)ဂိုးပဲ ရယူနိုင်ခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လအနည်းငယ် ရပ်နားထားခဲ့ရတဲ့ စပိန်လာလီဂါ ဘောလုံးပြိုင်ပွဲကို ပြန်လည်စတင်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အသင်းခေါင်းဆောင် နောက်ခံကစားသမား ဆာဂျီယိုရာမို့စ်ထက် ဘယ်ကစားသမားကမှ လိဂ်သွင်းဂိုး ပိုမိုမသွင်းယူထားနိုင်ပဲ ရာမို့စ်က လက်ရှိမှာ အသင်းနဲ့ (၇)ပွဲကစားထားပြီး (၅)ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီး ဇာဗီဟာ သူလက်ရှိကိုင်တွယ်နေတဲ့ အယ်ဆတ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးမြှင့်ခဲ့ပေမယ့်လည်း စာချုပ်ထဲမှာ တကယ်လို့ ဘာစီလိုနာအသင်းကကသာ လက်ရှိနည်းပြ ဆက်တီယန်ကို ထုတ်ပယ်ပြီး နည်းပြသစ်ရာထူးအတွက် သူ့ကိုကမ်းလှမ်းလာခဲ့မယ်ဆိုရင်တော့ အယ်ဆတ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းဖို့ သဘောတူညီရမယ်ဆိုတဲ့ အချက်ကိုထည့်သွင်းခဲ့ကြောင်း သိရပါတယ်။