MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၆ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

လီဗာပူးလ်အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီး စတီဗင်ဂျရတ် ကိုင်တွယ်လို့နေတဲ့ စကော့တလန် ထိပ်သီးကလပ် ရိန်းဂျားအသင်းဟာ ရှက်ဖီးယူနိုက်တက်အသင်းကနေ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့တဲ့ အင်္ဂလန် ကွင်းလယ်ကစားသမား ဂျွန်လန်းစထွမ်းကို အလွတ်ပြောင်းရွေ့ကြေး (၃)နှစ်စာချုပ်ချုပ်ဆိုပြီး ခေါ်ယူသွားခဲ့တယ်လို့ သိရှိရပါတယ်။

အသင်းရဲ့ အဓိက တိုက်စစ်ကစားသမားဖြစ်သူ အန်ဒရေဆေးဗားကို လိုက်ပ်ဇစ်အသင်းဆီ လက်လွတ်လိုက်ရတဲ့ ဖရန့်ဖတ်အသင်းဟာ တိုက်စစ်ပိုင်းကို ပြန်လည်အားဖြည့်ဖို့အတွက် အာဂျင်တီးနား ထိပ်သီးကလပ် ရေးဗားပလိတ်အသင်းရဲ့ တိုက်စစ်မှူး ဆန်းတို့စ်ဘော်ရယ်ကို (၄)နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်ပြီဖြစ်တယ်လို့ တရားဝင် ထုတ်ပြန်လာခဲ့ပါတယ်။

လိဒ်စ်ယူနိုက်တက်အသင်းမှာ (၄)နှစ်ဝန်းကျင်လောက်အထိကို ကျင်လည်ခဲ့တဲ့ မက်ဆီဒိုးနီးယားလက်ရွေးစင် တောင်ပံကစားသမားဖြစ်သူ အလီယိုစကီးဟာ လက်ရှိအချိန်မှာ လိဒ်စ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ရပြီဖြစ်ပြီး သက်တမ်းတိုးတော့မှာမဟုတ်ပဲ လက်တွဲဖြုတ်တော့မှာဖြစ်ကြောင်း လိဒ်စ်ယူနိုက်တက်ဘက်ကနေ တရားဝင် ထုတ်ပြန်လာခဲ့ပါတယ်။

မကြာခင်မှာ စတင်ကျင်းပသွားတော့မယ့် ၂၀၂၀ တိုကျိုအိုလံပစ်ရဲ့ အမျိုးသားဘောလုံးပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ့် အီဂျစ်အိုလံပစ်အသင်းအတွက် အသင်းရဲ့ အီဂျစ်တိုက်စစ်ကစားသမား မိုဟာမက်ဆာလာကို စေလွှတ်သွားမှာ မဟုတ်ပဲ အသင်းရဲ့ ရာသီကြိုအစီအစဉ်တွေမှာသာ ထည့်သွင်းသွားမှာဖြစ်တယ်လို့ လီဗာပူးလ်အသင်းဘက်ကနေ ထုတ်ပြန်လာခဲ့ပါတယ်။

အသက်(၂၀)အရွှယ်သာရှိသေးတဲ့ ဘရာဇီးနဲ့ ပေါ်တူဂီလူငယ်ကြယ်ပွင့် တောင်ပံတိုက်စစ်ကစားသမားလေး မားကို့စ်ပါလိုဟာ ဘရာဇီးကလပ် ဖလူမင်နီစ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ စပိန်လာလီဂါချန်ပီယံ အသက်လက်တီကိုမက်ဒရစ်အသင်းဆီကို အလွတ်ပြောင်းရွေ့ကြေးနဲ့ ရောက်ရှိလာခဲ့ပြီး (၅)နှစ်စာချုပ် ချုပ်ဆိုဖြစ်ခဲ့ပါတယ်။