MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၅ရက်နေ့ မနက်၈နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

တူရင်ဒါဘီပွဲစဉ်အတွင်း ဂျုဗင်တပ်စ်အသင်းအတွက် တတိယအနိုင်ဂိုးကို ဖရီးကစ်ကနေ သွင်းယူသွားခဲ့တဲ့ ရော်နယ်ဒိုဟာ ဂျုဗင်တပ်စ်ကစားသမားဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ဖရီးကစ်ကနေ ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီး ဒီဂိုးမရခင် ဖရီးကစ်ပေါင်း(၄၃)ကြိမ်ကန်ခဲ့ရာ တစ်ကြိမ်မှ ဂိုးမဝင်ခဲ့ဖူးသလို ဒီသွင်းဂိုးက ဒီရာသီအတွင်း သွင်းယူခဲ့တဲ့ (၂၅)ဂိုးမြောက် ဖြစ်လာခဲ့လို့ ၁၉၆၁ခုနှစ်နောက်ပိုင်း စီးရီးအေမှာ ဂျုဗင်တပ်စ်အတွက် သွင်းဂိုး(၂၅)ဂိုး သွင်းယူနိုင်သူအဖြစ်ပါ သတ်မှတ်ခံလိုက်ရပါတယ်။

ဘုန်းမောက်နဲ့ပွဲမှာ မန်ယူအသင်းအတွက် သွင်းဂိုး(၂)ဂိုး ရယူနိုင်ခဲ့တဲ့ မေဆန်ဂရင်းဝုဒ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်းမှာ သူသွင်းယူခဲ့တဲ့ သွင်းဂိုးအရေအတွက် (၈)ဂိုးအထိ ရှိလာခဲ့ပြီဖြစ်လို့ ပရီးမီးယားလိဂ်မှာ တစ်ရာသီအတွင်း သွင်းဂိုးအများဆုံး ရယူနိုင်ခဲ့တဲ့ အသက်(၁၈)နှစ်အောက် ကစားသမားများစာရင်းမှာ နံပါတ်(၅)နေရာကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

စပါးအသင်းရဲ့ ကွင်းလယ်ကစားသမား ဒယ်လီအလီအနေနဲ့ လေ့ကျင့်ရေးကွင်းအတွင်းမှာ ရရှိခဲ့တဲ့ ကြွက်သားနာကျင်တဲ့ ဒဏ်ရာအခြေအနေကြောင့် အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ ပါဝင်ကစားဖို့ မသေချာတော့ဘူးလို့ စပါးအသင်းရဲ့နည်းပြ မော်ရင်ဟိုက ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။

ဂျုဗင်တပ်စ်အသင်းဟာ လာမယ့်ရာသီအတွက် အထောင်တိုက်စစ်မှူးတစ်ယောက်ကို ခေါ်ယူချင်နေပြီး လက်ရှိမှာ ရိုးမားအသင်းရဲ့ ဝါရင့် ဘော့စနီးယားတိုက်စစ်မှူးကြီး ဂျက်ကိုနဲ့ သတင်းတွေ ထွက်လို့နေပါတယ်။ ဂျုဗင်တပ်စ်အသင်းနည်းပြဆာရီက အသင်းကနေ ထွက်ခွာသွားတော့မယ့် ဟီဂွာအင်ရဲ့နေရာအတွက် အသက်(၃၄)အရွှယ်ရှိ စီးရီးအေထိပ်သီး တိုက်စစ်မှူးကြီးဂျက်ကိုကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ပြီဖြစ်တဲ့ ဝါရင့်ဥရုဂွေးတိုက်စစ်မှူးကြီး အက်ဒီဆင်ကာဗာနီကို ခေါ်ယူဖို့အတွက် အသင်းပေါင်းများစွာကနေ စိတ်ဝင်စားလျက်ရှိပြီး လက်ရှိမှာတော့ စီးရီးအေကလပ် ရိုးမားအသင်းက ကာဗာနီကို ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းနေတာကြောင့် ကာဗာနီအနေနဲ့ စီးရီးအေကို တကျော့ပြန်လာရဖွယ်ရှိနေပါတယ်။