MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၅ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

စပိန်လာလီဂါကလပ် ဆီဗီလာအသင်းဟာ အီဘာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့တဲ့ ဆာဘီးယားဂိုးသမား မာကိုဒီမီထရိုဗစ်ကို အလွတ်ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာလာခဲ့ပါတယ်။ အသက်(၂၉)နှစ်အရွှယ်ရှိ ဂိုးသမားဒီမီထရိုဗစ်ဟာ အီဘာအသင်းမှာ ၂၀၁ရခုနှစ်ကနေ ၂၀၂၁ခုနှစ်အထိကို ပါဝင်ကစားခဲ့သူလည်း ဖြစ်ပါတယ်။

လိဒ်စ်ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွေ့သတင်းတွေ ထွက်ပေါ်လို့နေတဲ့ ဘာစီလိုနာအသင်းရဲ့ စပိန်နောက်ခံအစွန်လူ ဂျူနီယာဖာလ်ပိုဟာ လက်ရှိမှာ လိဒ်စ်အသင်းကို ပြောင်းရွေ့ဖို့အတွက် အင်္ဂလန်နိုင်ငံကို ရောက်ရှိနေပြီဖြစ်ပြီး ဆေးစစ်မှုတွေ ခံယူသွားတော့မှာဖြစ်သလို သိပ်မကြာခင်မှာပဲ ဖာလ်ပိုရဲ့ အပြောင်းအရွေ့ အပြီးသတ်နိုင်တော့မယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိ ယူရို-၂၀၂ဝပြိုင်ပွဲအတွင်း အတော်လေးကို ခြေစွမ်းကောင်းတွေ ပြသလျက်ရှိနေတဲ့ အင်္ဂလန်ဘယ်နောက်ခံကစားသမား လုခ်ရှောကို လာမယ့်လပိုင်းလေးအတွင်းမှာပဲ စာချုပ်သက်တမ်းတိုးသွားတော့မယ်လို့ သိရပါတယ်။ အသက်(၂၅)နှစ်အရွှယ်ရှိ နောက်ခံအစွန်လူ လုခ်ရှောဟာ ယူနိုက်တက်အသင်းနဲ့ ၂၀၂၃ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူလည်း ဖြစ်ပါတယ်။

လတ်တလောမှာ အေစီမီလန်အသင်းနဲ့ အပြောင်းအရွေ့ ကောလဟာလတွေ ထွက်ပေါ်လို့နေတဲ့ ဆာဘီးယား ကြယ်ပွင့်ကစားသမားလေး ဒူဆန်တာဒစ်ဟာ အသင်းရဲ့ ရောင်းကုန်မဟုတ်ဘူးလို့ အေဂျက်စ်အသင်းရဲ့ ဒါရိုက်တာဖြစ်သူ မက်စ်အိုဗာမားစ်က ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရယူထားနိုင်တဲ့ မီလန်အသင်းဟာ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် တာဒစ်လို အရည်အသွေးမြင့် ကစားသမားတစ်ဦးကို အလိုရှိနေတာ ဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ ပရီးမီးယားလိဂ် ကလပ်အသင်းပေါင်းများစွာရဲ့ ဂိုးသမားဟောင်းကြီးဖြစ်တဲ့ ဒေးဗစ်ဂျိမ်းစ်က ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ နည်းပြသစ် ဖြစ်လာခဲ့တဲ့ ပက်ထရစ်ဗီအဲရာအနေနဲ့ ဘောလုံးသမားဘဝတုန်းက သူရဲ့ အဓိကပြိုင်ဘက် ဖြစ်ခဲ့ရတဲ့ ရွိုင်ကိန်းကို သူရဲ့ လက်ထောက်နည်းပြအဖြစ် ခန့်အပ်သွားသင့်တယ်လို့ နောင်ပြောင်ပြောဆိုသွားခဲ့ပါတယ်။