MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၃ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

လာမယ့် ဇူလိုင်(၂၂)ရက်နေ့မှာ စတင်ကျင်းပသွားတော့မယ့် တိုကျိုအိုလံပစ်ပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲမှာ ဝင်ရောက်ဆင်နွဲမယ့် အိုင်ဗရီကို့စ်အသင်းရဲ့ လူစာရင်းအတွင်း မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံကစားသမား အဲရစ်ဘိုင်လီနဲ့ လူငယ်တောင်ပံကစားသမားလေး အာမတ်ဒီယယ်လိုတို့ ပါဝင်လာခဲ့ပါတယ်။

ယူရို-၂၀၂ဝပြိုင်ပွဲအတွင်း အတော်လေးကို ခြေစွမ်းကောင်းတွေ ပြသလို့ထားတဲ့ အီတလီနောက်ခံအစွန်လူ လီယိုနာဒိုစပင်နာဇိုလာဟာ ဘယ်ဂျီယံအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ယူရိုကွာတားဖိုင်နယ်ပွဲစဉ်မှာ ဒဏ်ရာပြသာနာ ဆိုးဆိုးရွှားရွှား ရရှိသွားခဲ့တာကြောင့် အီတလီရဲ့ ယူရို-၂၀၂၀ လက်ကျန်ပွဲစဉ်တွေအပြင် လပေါင်းများစွာပါ အနားယူရဖွယ် ရှိနေပါတယ်။

ဖရန့်ဖတ်အသင်းရဲ့ ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမားဖြစ်သူ အန်ဒရေဆေးဗားဟာ လိုက်ပ်ဇစ်အသင်းဆီကို ပြောင်းရွှေ့ကြေး ယူရို(၂၃)သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပြီး (၅)နှစ်စာချုပ် ချုပ်ဆိုဖြစ်ခဲ့ပါတယ်။ ဆေးဗားဟာ ပြီးခဲ့တဲ့ရာသီက ဘွန်ဒစ်လီဂါမှာ လီဝန်ဒေါစကီးရဲ့ ဒုတိယမြောက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။

လိဒ်စ်ယူနိုက်တက်အသင်းဟာ မန်စီးတီးအသင်းကနေ (၃)ရာသီဆက်တိုက် အငှားစာချုပ်နဲ့ ခေါ်ယူခဲ့တဲ့ ဘယ်တောင်ပံကစားသမား ဂျက်ဟာရီဆန်ကို ၂၀၂၄ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်နဲ့ အပြီးသတ်ခေါ်ယူလိုက်နိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်လာခဲ့ပါတယ်။ ဒါပေမယ့် လိဒ်စ်အသင်းဘက်က ဟာရီဆန်ရဲ့ ပြောင်းရွှေ့ကြေးကိုတော့ ဖော်ပြခဲ့ခြင်း မရှိပါဘူး။

ယူရို-၂၀၂ဝပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ ထိပ်တိုက်ရင်ဆိုင်ရတော့မယ့် အီတလီနဲ့ စပိန်အသင်းတို့ဟာ ၂၀၀၈ခုနှစ် ယူရိုပြိုင်ပွဲကနေစတင်ပြီး ယူရို-၂၀၁၂ ယူရို-၂၀၁၆နဲ့ ယူရို-၂၀၂ဝအထိ (၄)ကြိမ်ဆက်တိုက် တွေ့ဆုံရတော့မှာဖြစ်ကာ ယခင်(၄)ကြိမ် တွေ့ဆုံခဲ့မှုမှာတော့ (ယူရို-၂၀၁၂မှာ စပိန်နဲ့အီတလီတို့ဟာ အုပ်စုအဆင့်မှာရော ဗိုလ်လုပွဲမှာပါ ၂ကြိမ်တွေ့ဆုံ) စပိန်က (၂)ကြိမ်နိုင် အီတလီက (၁)ကြိမ်နိုင်ထားကာ သရေ(၁)ကြိမ်ကျထားရပါတယ်။