MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၂၉ရက်နေ့ မနက်၉နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဆီဗီလာအသင်းဟာ အသင်းရဲ့ ပြင်သစ်နောက်ခံကစားသမားလေး ဂျူးစ်ခွန်ဒဲလ်ကို ချယ်လ်ဆီးအသင်းဆီ ရောင်းချသွားဖို့အတွက် ချယ်လ်ဆီး နောက်ခံလူ ကတ်ဇူးမားအပြင် ပြောင်းရွှေ့ကြေးကိုလည် ပေါင်(၃၅)သန်းထက်ကို ပိုမိုအလိုရှိနေတယ်လို့ သိရှိရပါတယ်။ လက်ရှိမှာတော့ ချယ်လ်ဆီးအသင်းဟာ ခွန်ဒဲလ်ကို ခေါ်ယူသွားဖို့အတွက် ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုကိုသာ ရယူထားနိုင်ခဲ့ရပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ်ဂိုးသမားဖြစ်သူ အာရီလိုအာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဖူလ်ဟမ်အသင်းမှာ တစ်ရာသီအငှားစာချုပ်နဲ့ လာရောက်ကစားခဲ့ဖူးသလို ဒီနွေမှာလည်း နောက်ထပ် လန်ဒန်အခြေစိုက် ပရီးမီးယားလိဂ်ကလပ်အသင်းဖြစ်တဲ့ ဝက်စ်ဟမ်းအသင်းဆီကို တစ်ရာသီအငှားနဲ့ ထပ်မံရောက်ရှိလာခဲ့ပြီး ဝက်ဟမ်းဘက်ကတော့ အာရီလိုအာကို အပြီးသတ်ခေါ်ယူခွင့်နဲ့ပါ ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။

စကော့တလန် ထိပ်သီးဘောလုံးအသင်းတစ်သင်းဖြစ်တဲ့ ဆဲလ်တစ်အသင်းဟာ စပါအသင်းရဲ့ အင်္ဂလန်ဝါရင့် ဂိုးသမားကြီး ဂျိုးဟတ်ကို ခေါ်ယူသွားဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိနေပြီလို့ သိရှိရပါတယ်။ စပါးအသင်းအနေနဲ့ အတ္တလန်တာအသင်းက အီတလီဂိုးသမား ဂိုလီနီကို အရခေါ်ယူနိုင်ခဲ့ပြီးနောက် အသင်းရဲ့ ဂိုးသမားကြီး ဂျိုးဟတ်နဲ့ လက်တွဲဖြုတ်ဖို့ အခုလို စီစဉ်လာခဲ့ရတာ ဖြစ်ပါတယ်။

မနေ့ညက ဘွန်ဒစ်လီဂါကလပ် ဟာသာဘာလင်အသင်းနဲ့ ရာသီကြိုခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်အတွင်းမှာ ဒဏ်ရာပြသာနာတွေကြောင့် ကာလရှည်ကြာ အနားယူနေရတဲ့ လီဗာပူးလ် နောက်ခံကစားသမား(၂)ဦးဖြစ်တဲ့ ဗန်ဒိုက်နဲ့ ဂိုးမက်ဇ်တို့ ပြန်လည်ပါဝင်ကစားခဲ့ကြပေမယ့် တိုက်စစ်မှူးသစ် ယိုဗီတစ်ရဲ့သွင်းဂိုးတွေနဲ့ ဟာသာဘာလင်က (၄)ဂိုး(၃)ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

လတ်တလောမှာ သတင်းတွေ ထွက်ပေါ်နေတဲ့အတိုင်း အတ္တလန်တာ နောက်ခံကစားသမား ခရစ္စတီယန်ရိုမဲရိုးကို ဘာစီလိုနာအသင်းဘက်ကနေ စပါးအသင်းနဲ့အပြိုင် ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်ဆိုတာ မှန်ကန်မှုမရှိပဲ စပါးအသင်းကသာ ရိုမဲရိုးကို ခေါ်ယူဖို့အတွက် အရှိန်အဟုန်မြင့် လုပ်ဆောင်နေတာဖြစ်တယ်လို့ ဖာဘရီဇီယိုကနေ ဖော်ပြသွားခဲ့ပါတယ်။