MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၂ရက်နေ့ မနက်၈နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်ကစားသမား အီဒင်ဟာဇက်ဟာ ဒီနေ့ည ဂီတာဖေးအသင်းနဲ့ ကစားသွားရမယ့် စပိန်လာလီဂါပွဲစဉ်(၃၃)ကို လွဲချော်ရတော့မှာဖြစ်ပြီး ကစားသမားရဲ့ကြံခိုင်ရေးအခြေအနေကြောင့် လူစာရင်းအတွင်း မပါဝင်နိုင်ခဲ့တာဖြစ်ပေမယ့် လာမယ့်ပွဲတွေမှာတော့ ပြန်လည်ပါဝင်ကစားဖွယ် ရှိနေပါတယ်။

အဲဗာတန်အသင်းဟာ မနေ့ညက လက်စတာအသင်းကို (၂)ဂိုး(၁)ဂိုးနဲ့ အနိုင်ရခဲ့ပြီး အသင်းအတွက် သွင်းဂိုးတွေ ရစ်ချာလီဆန်နဲ့ ဆီဂတ်ဆန်တို့ သွင်းယူခဲ့တာဖြစ်ကာ ဆီဂတ်ဆန်ကတော့ ပင်နယ်တီကနေ သွင်းယူခဲ့တာဖြစ်လို့ ဒီပင်နယ်တီဟာ ၂၀၁၉ခုနှစ် ဇူလိုင်လနောက်ပိုင်း ပရီးမီးယားလိဂ်မှာ အဲဗာတန်တို့ ပြန်လည်ရရှိခဲ့တဲ့ ပထမဆုံးသော ပင်နယ်တီဖြစ်တယ်လို့ သိရှိရပါတယ်။

လာမယ့်နွေစျေးကွက်မှာ အသင်းကနေ ထွက်ခွာပြီး ဘွန်ဒစ်လီဂါရဲ့အင်အားအကြီးမားဆုံးအသင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့ကစားတော့မယ့် တောင်ပံကစားသမား လီရွိုင်းဆာနေးက ဘိုင်ယန်မှာ သူရဲ့အတောက်ပဆုံးခြေစွမ်းတွေကို ပြသရင်းနဲ့ သူရဲ့ကစားသမားဘဝကို နောက်တစ်ဆင့်မြင့်တင်လိမ့်မယ်လို့ ယုံကြည်မိကြောင်း မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အင်တာမီလန်အသင်းဆီ အငှားချထားတဲ့ တိုက်စစ်ကစားသမား အလက်ဆစ်ဆန်းချက်ဇ်နဲ့ ရိုးမားအသင်းဆီ အငှားချထားတဲ့ နောက်ခံကစားသမား ခရစ်စမောလင်းတို့ကို သက်ဆိုင်ရာ ကလပ်အသင်းတွေမှာ ရာသီအကုန်ထိ ဆက်လက်ကစားနိုင်ဖို့ကို သဘောတူညီခဲ့လို့ ကစားသမား(၂)ယောက်လုံးက ဒီရာသီအကုန်ထိ စီးရီးအေမှာ ဆက်လက်ရှိနေရတော့မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းလေးအတွင်းက နာမည်ကျော် ပေါ်တူဂီကလပ်အသင်းကြီးတစ်သင်းဖြစ်တဲ့ ဘင်ဖီကာနဲ့ သတင်းတွေထွက်ပေါ်လာခဲ့တဲ့ စပါးအသင်းနည်းပြဟောင်း ပိုချက်တီနိုဟာ ဘင်ဖီကာဘက်က ကမ်းလှမ်းချက်တွေကို ပယ်ချလိုက်တယ်လို့ သိရပါတယ်။ ဘင်ဖီကာအသင်းဟာ ပိုချက်တီနိုကို မကမ်းလှမ်းခင်က အယ်လီဂရီ လော်ရန်ဘလန့်တို့လို နည်းပြတွေကို ချိတ်ဆက်ခဲ့သေးတယ်လို့ သိရပါတယ်။