MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၂၉ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အီတလီစီးရီးအေ ထိပ်သီးကလပ် ဂျုဗင်တပ်စ်အသင်းဟာ ဆာဆူအိုလိုအသင်းရဲ့ အီတလီကွင်းလယ်ကြယ်ပွင့် မန်နူရယ်လိုကာတယ်လီကို အသင်းရဲ့ အဓိကကျတဲ့ ပစ်မှတ်တစ်ခုအဖြစ် ဆက်လက်ပစ်မှတ်ထားလျက် ရှိလို့နေပြီး အခုတစ်ပတ်အတွင်းမှာပဲ လိုကာတယ်လီရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ထပ်မံဆွေးနွေးမှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ကာလရှည်ကြာစွာ ပွဲထွက်ကစားခွင့် ပျောက်ဆုံးလို့နေရတဲ့ အင်္ဂလန် နောက်ခံကစားသမား ဖေးလ်ဂျုံးစ်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေပြီး ယူနိုက်တက်အသင်းဘက်ကလည်း အသင်းမှာ ဘယ်လိုမှ နေရာမရနိုင်တော့တဲ့ ဖေးလ်ဂျုံးစ်ကို လက်ရှိစာချုပ်ပါ ဖျက်သိမ်းပေးဖွယ် ရှိနေပါတယ်။

အာဆင်နယ်အသင်းဟာ မနေ့ညက သူတို့ရဲ့ လေ့ကျင့်ကွင်းမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည်တန်းတတ်လာခဲ့တဲ့ ဝက်ဖိုဒ့်အသင်းနဲ့ ရာသီကြိုခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ရာ အာဆင်နယ်အသင်းက (၄)ဂိုး (၁)ဂိုးနဲ့ အပြတ်အသတ် အနိုင်ရခဲ့ပြီး အသင်းအတွက် သွင်းဂိုးတွေကို အန်ခီတာယက် တီယာနေး လာကာဇက်နဲ့ လူငယ်ကစားသမားလေးတစ်ဦးတို့က သွင်းယူနိုင်ခဲ့ပါတယ်။

နာမည်ကြီး စကော့တလန် ထိပ်သီးကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဆဲလ်တစ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဒုတိယအဆင့်ခြေစစ်ပွဲစဉ် ဒုတိယအကျော့ပွဲမှာ ဒိန်းမတ်ကလပ် မစ်ဂျေးလန်းအသင်းကို ပွဲချိန်အတွင်း (၁)ဂိုးစီ သရေကျအောင် ကစားနိုင်ခဲ့တဲ့အတွက် နှစ်ကျော့ပေါင်းရလဒ်အတွင်း သရေကျခဲ့ရာ အချိန်ပို မစ်ဂျေးလန်းကို အရေးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ လွဲချော်သွားခဲ့ရပြီ ဖြစ်ပါတယ်။

ဒါဘီကောင်တီအသင်းရဲ့ နည်းပြဖြစ်သူ ဝိန်းရွန်နီက လတ်တလော ပျံ့နှံလျက်ရှိနေတဲ့ ဓါတ်ပုံတွေဟာ သူနဲ့ သူရဲ့အရင်းနှီးဆုံး သူငယ်ချင်း(၂)ဦးတို့ ပြုလုပ်ခဲ့တဲ့ သီးသန့်ပါတီတစ်ခုအတွင်းမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ဒီဓါတ်ပုံတွေ ထွက်ပေါ်ခဲ့မှုကြာင့် သူရဲ့မိသားစုဝင်တွေအားလုံးနဲ့ ဒါဘီကောင်တီအသင်းက တာဝန်ရှိသူတွေအားလုံးကို အနူးအညွှတ် တောင်းပန်ပါကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။