MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၂၈ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ပြင်သစ်လီဂူးကလပ် မောင့်ပယ်လီယာအသင်းဟာ အသက်(၃၁)နှစ်အရွှယ်ရှိ ပြင်သစ် ဝါရင့်နောက်ခံကစားသမားကြီး မာမာဒူဆာခိုကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူစာချုပ်ချုပ်လိုက်ပြီလို့ သိရှိရပါတယ်။ လီဗာပူးလ် ပီအက်စ်ဂျီအသင်းတွေရဲ့ ကစားသမားဟောင်း ဆာခိုဟာ ပြီးခဲ့တဲ့ ဇူလိုင်(၁)ရက်နေ့ကတည်းက ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ုဆုံးသွားတာ ဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ပြင်သစ်နောက်ခံလူ ရာဖယ်ဗာရန်းကို မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူဖို့ နီးစပ်လျက်ရှိနေပြီ ဖြစ်တာကြောင့် ဗာရန်းရောက်လာရင် သေချာပေါက်ကို နေရာပျောက်ဆုံးရဖွယ် ရှိနေတဲ့ နောက်ခံကစားသမား အဲရစ်ဘာယီက ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း တိုးထားပေမယ့် သူရဲ့အနာဂတ် အခြေအနေက မရေမရာ ဖြစ်နေခဲ့ရပါတယ်။

ဝုလ်ဗ်အသင်းဟာ အသင်းရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် အဓိက နောက်ခံလူတစ်ယောက်လည်းဖြစ်တဲ့ အင်္ဂလန်ခံစစ်မှူး ကော်နာကိုဒီကို အသင်းကနေ လက်လွတ်သွားသွားဖို့ လုံးဝဆန္ဒမရှိတာကြောင့် စပါးအသင်းဆီကို ရောက်ရှိနေတဲ့ အသင်းရဲ့နည်းပြဟောင်း နူနိုဆန်တိုအနေနဲ့ စပါးအသင်းဆီ ကိုဒီကို ခေါ်ယူဖို့ ကြိုးပမ်းနေမှုတွေကိုလည်း လက်ခံသွားမှာ မဟုတ်ဘူးလို့ သိရှိရပါတယ်။

ဂျာမနီလက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့ ဝါရင့်နောက်ခံကစားသမား ဂျရုန်းဘိုတန်ဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီးနောက် အသင်းလက်မဲ့ ကစားသမားတစ်ဦး ဖြစ်နေရပြီး လက်ရှိမှာတော့ လာလီဂါကလပ် ဆီဗီလာအသင်းဆီ ပြောင်းရွှေ့ဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်လျက်ရှိနေတယ်လို့ သိရှိရပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းကနေ ပီအက်စ်ဂျီအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ စပိန် ဝါရင့်နောက်ခံကစားသမားကြီး ဆာဂျီယိုရာမို့စ်ဟာ ဒဏ်ရာပြသာနာနဲ့ ရင်ဆိုင်နေရတဲ့အတွက် ပီအက်စ်ဂျီအသင်းရဲ့ ရာသီကြိုခြေစမ်းပွဲတချို့အပြင် ရာသီအစ ပွဲစဉ်အနည်းငယ်ကိုပါ လွဲချော်ရဖွယ် ရှိနေပါတယ်။