MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၂၇ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အသက်(၃၅)နှစ်အရွှယ်ရှိနေပြီဖြစ်တဲ့ အဲဗာတန်အသင်းရဲ့ ဝါရင့်ဘယ်နောက်ခံကစားသမားကြီး လေတန်ဘိန်းစ်ကတော့ မနေ့ညမှာ ကစားသွားခဲ့တဲ့ အဲဗာတန်နဲ့ ဘုန်းမောက်အသင်းတို့ရဲ့ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ သူရဲ့ဘောလုံးသမားဘဝကို အဆုံးသတ်လိုက်ပြီဖြစ်ပြီး ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်က သူ့အသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရေးအတွက်ကိုပဲ ရာသီပိတ်အထိ ကြိုးပမ်းအားထုတ်ခဲ့ရတာဖြစ်ပေမယ့် လာမယ့်နှစ်မှာတော့ ဒီထက်ပိုကြိုးစားဖို့ လိုအပ်လာတော့မှာဖြစ်ပြီး လီဗာပူးလ် မန်စီးတီးအသင်းတို့နဲ့ ရမှတ်ကွာဟမှုကို တတ်နိုင်သလောက် လျှော့နည်းသွားရမယ်လို့ သတိပေးပြောဆိုလိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်ဟာ စပိန်နိုင်ငံအတွင်းကို အလည်အပတ် ရောက်ရှိလို့နေတဲ့ ကမ္ဘာကျော် UFC ဖိုက်တာ မက်ဂရီဂေါ်ကို ရီးရဲလ်မက်ဒရစ်အသင်းရဲ့လေ့ကျင့်ရေးကွင်းကို ဖိတ်ခေါ်ပြီး ဘောလုံးကစားခြင်းတွေ စကားစမြည်ပြောဆိုဆွေးနွေးခြင်းတွေ လုပ်ဆောင်ခဲ့ပြီး သူတို့နှစ်ယောက်လုံးရဲ့ အမှတ်တရပုံရိပ်တွေကိုလည်း လူမှုကွန်ယက်တွေပေါ်မှာ ပြန်လည်မျှဝေသွားခဲ့ကြပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းဟာ လာမယ့်စျေးကွက်အတွင်းမှာ ကစားသမားခေါ်ယူမှုတချို့ကို လုပ်ဆောင်ဖွယ်ရှိနေပြီး လတ်တလောမှာတော့ ရီးရဲလ်ဘက်တစ်အသင်းရဲ့ နောက်ခံကစားသမား မန်ဒီနဲ့ သတင်းတွေ ထွက်ပေါ်လို့နေသလို ဘရိုက်တန်ကို ပြောင်းရွှေ့တော့မယ့် လယ်လာနာရဲ့နေရာအတွက်ကိုလည်း အင်တာမီလန်အသင်းရဲ့ ခရိုအေးရှား ကွင်းလယ်လူ မာဆယ်လိုဘရိုဇိုဗစ်နဲ့ အစားထိုးသွားဖွယ် ရှိနေပါတယ်။

အာဆင်နယ်အသင်းရဲ့နည်းပြ အာတီတာက ဝက်ဖိုဒ့်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီး အင်တာဗျူးအစီအစဉ်အတွင်းမှာ အသင်းရဲ့နောက်ခံကစားသမား မူစတာဖီအနေနဲ့ သူရဲ့ဒဏ်ရာပြသာနာကြောင့် လအတန်ကြာ အနားယူရတာကြောင့် လာမယ့်စျေးကွက်အတွင်း ဗဟိုခံစစ်ကစားသမားသစ်တစ်ယောက်ကို ခေါ်ယူဖို့ လိုအပ်နေပြီလို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။