MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၂၆ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အက်စတွန်ဗီလာအသင်းဟာ လေဗာကူဆင်အသင်းရဲ့ ဂျမေကာ တောင်ပံတိုက်စစ်ကစားသမား လီယွန်ဘေလီကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင်(၂၅)သန်းနဲ့ ကနဦး ကမ်းလှမ်းချက်ကို ပြုလုပ်ခဲ့ပေမယ့် လေဗာကူဆင်အသင်းဘက်ကတော့ ဒီကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချသွားခဲ့တယ်လို့ Daily Mail ကနေ ဖော်ပြသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ နွေစျေးကွက်အတွင်းမှာ အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ဂျေဒန်ဆန်ချိုကို ဒေါ့မွန်အသင်းကနေ ခေါ်ယူလိုက်နိုင်ပြီ ဖြစ်ပေမယ့်လည်း အသင်းရဲ့ ဝေးလ်စ် တောင်ပံတိုက်စစ်ကစားသမား ဒင်နီရယ်ဂျိမ်းစ်ကိုတော့ အသင်းကနေ ရောင်းထုတ်သွားမှာ မဟုတ်ပဲ အသင်းမှာသာ ဆက်လက်ထိန်းသိမ်းသွားမယ်လို့ သိရှိရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ အသက်(၂၁)နှစ်သာ ရှိနေသေးတဲ့ ဘရာဇီး တောင်ပံတိုက်စစ်ကစားသမားလေး အန်တိုနီကို အေဂျက်စ်အသင်းကနေ ခေါ်ယူသွားဖို့ ကစားသမားရဲ့အေးဂျင့်ဖြစ်သူနဲ့ ဆွေးနွေးနေပြီလို့ သိရှိရပြီး အေဂျက်စ်အသင်းဘက်ကတော့ သူတို့ရဲ့ ကြယ်ပွင့်ကစားသမားလေးအတွက် ယူရိုသန်း(၃၀)အဖြစ် သတ်မှတ်ထားပါတယ်။

နယူးကာဆဲလ်ယူနိုက်တက်အသင်းဟာ အသင်းရဲ့ ကစားသမားအင်အားကို မြှင့်တင်နိုင်ဖို့အတွက် နွေစျေးကွက်အတွင်းမှာ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်လူ ရိုစ့်ဘာကလေကို ခေါ်ယူသွားဖို့ ပြင်ဆင်လျက်ရှိနေပြီး ချယ်လ်ဆီးနည်းပြ တူဟယ်လ်ကလည်း ဘာကလေကို အသင်းမှာ နေရာပေးဖို့ ဆန္ဒမရှိတာကြောင့် ဘာကလေအနေနဲ့ အခုနွေစျေးကွက်အတွင်းမှာပဲ အသင်းပြောင်းရဖွယ် ရှိနေပါတယ်။

နည်းပြသစ် အန်စလော့တီနဲ့ ပြန်လည်လက်တွဲဖြစ်ခဲ့တဲ့ ရီးယဲလ်မက်ဒရစ်အသင်းဟာ မနေ့ညက စကော့တလန်မြေမှာ စကော့ထိပ်သီးကလပ် ရိန်းဂျားစ်အသင်းနဲ့ ရာသီကြိုခြေစမ်းပွဲကို ဆင်နွဲခဲ့ပြီး စတီဗင်ဂျရတ်ရဲ့ ရိန်းဂျားစ်အသင်းက ရီးယဲလ်ကို (၂)ဂိုး(၁)ဂိုးနဲ့ အနိုင်ယူခဲ့ပြီး ရီးယဲလ်အတွက် တစ်လုံးတည်းသော သွင်းဂိုးကို ရိုဒရီဂိုက သွင်းယူခဲ့ပါတယ်။