MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၂၅ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အသင်းအတွင်း ကိုဗစ်ဂယက်တွေကြောင့် အမေရိကန်နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ဖလော်ရီဒါ ဖိတ်ခေါ်ဖလားပွဲကို မဆင်နွဲနိုင်တော့တဲ့ အာဆင်နယ်အသင်းဟာ မနေ့ညက မီဝေါအသင်းနဲ့ ခြေစမ်းပွဲ ကစားခဲ့ပြီး ချမ်ဘာ လာကာဇက် ပေပေနဲ့ ဘာလိုဂန်တို့ရဲ့ သွင်းဂိုးတွေနဲ့ (၄)ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့သလို ကစားသမားသစ် လိုကွန်ဂါလည်း ပါဝင်ကစားသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်ကို တန်းဆင်းသွားခဲ့ရတဲ့ ဖူလ်ဟမ်အသင်းဟာ လီဗာပူးလ်အသင်းရဲ့ ဝေးလ်စ်ကွင်းလယ်ကစားသမား ဟယ်ရီဝယ်လ်ဆင်ကို ပြောင်းရွှေ့ကြေး ပေါင်(၁၂)သန်းနဲ့ ခေါ်ယူသွားဖို့ အနီးစပ်ဆုံး ဖြစ်နေပြီလို့ သိရှိရပါတယ်။ ဝယ်လ်ဆင်ဟာ လီဗာပူးလ်အသင်းမှာ ကစားခွင့် သိပ်မရရှိခဲ့ပဲ ကလပ်အသင်းများစွာမှာသာ အငှားကစားသမားအဖြစ် ကျင်လည်ခဲ့ရသူ ဖြစ်ပါတယ်။

လီဗာပူးလ် မန်စီးတီးအသင်းတို့ရဲ့ ပစ်မှတ်ဖြစ်လို့နေတဲ့ ဆွစ်ဇာလန် ကွင်းလယ်ကစားသမား ဒန်းနစ်ဇာကာရီယာဟာ ဒီနှစ်ရဲ့ နွေစျေးကွက်အတွင်း အသင်းကနေ ထွက်ခွာသွားနိုင်ဖွယ် ရှိနေတယ်လို့ မိုချန်ဂလာဘတ်အသင်းရဲ့ အားကစားဒါရိုက်တာက ဝန်ခံပြောဆိုသွားခဲ့ပါတယ်။ ဆွစ်ကွင်းလယ်လူ ဇာကာရီယာကို အာဆင်နယ်အသင်းကလည်း စိတ်ဝင်စားလျက် ရှိနေပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းဟာ နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ အသင်းရဲ့ စပိန်ကွင်းလယ်ကစားသမားဖြစ်သူ အစ္စကိုကို အသင်းကနေ ရောင်းထုတ်သွားချင်နေတယ်လို့ စပိန်နာမည်ကျော် သတင်းစာ AS ကနေ ဖော်ပြလာခဲ့ပြီး ပြောင်းရွှေ့ကြေး ယူရို(၁၈)သန်းဝန်းကျင်လောက်နဲ့ကို ရောင်းချသွားဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

လတ်တလောမှာ မန်စီးတီးအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေးကို ထွက်ပေါ်လို့နေတဲ့ အက်စတွန်ဗီလာအသင်းရဲ့ အသင်းခေါင်းဆောင် ဂျက်ဂရီးလစ်ရှ်ဟာ မန်စီးတီးကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပေမယ့်လည်း ကစားသမားအင်အား တောင့်တင်းလွန်းတဲ့ မန်စီးတီးအသင်းမှာ ပုံမှန်နေရာရဖို့ မလွယ်ကူတာကြောင့် အသင်းပြောင်းဖို့ထက် ဗီလာမှာပဲ ဆက်လက်ကစားသွားဖို့ ဆုံးဖြတ်ဖွယ် ရှိနေပါတယ်။