MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၂၄ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဘာမင်ဂမ်စီးတီးအသင်းဟာ သူတို့အသင်းကနေ ဒေါ့မွန်အသင်းဆီကို ပြောင်းရွှေ့သွားခဲ့တဲ့ ဆယ်ကျော်သက် ကစားသမားလေး ဘယ်လင်ဟမ် ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်(၂၂)ကို အနားပေးလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။ ဒီလိုမျိုး ကျောနံပါတ်အနားပေးမှုတွေက အသင်းရဲ့ဂန္တဝင်ကစားသမားတွေ ဘောလုံးသမားဘဝက အနားယူသွားတဲ့အခါမျိုးမှ လုပ်ဆောင်တတ်တာဆိုပေမယ့်လည်း ဘာမင်ဂမ်အသင်းကတော့ အသက်ငယ်ငယ်လေးနဲ့ အရမ်းကိုထွန်းတောက်ခဲ့တဲ့ ဘယ်လင်ဟမ်ကို ဂုဏ်ပြုအနေနဲ့ သူဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်ကို အနားပေးလိုက်တာဖြစ်ပါတယ်။

ချန်ပီယံရှစ်ကလပ် ဘရန့်ဖိုဒ့်အသင်းဟာ အသက်(၁၈)နှစ်သာရှိသေးတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူငယ်နောက်ခံကစားသမားလေး ဘင်ဟော့ကန်ဟားလ်ကို (၂)နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်နိုင်ပြီလို့ သိရှိရပါတယ်။ ဗဟိုနောက်ခံကစားသမားလေး ဟော့ကန်ဟားလ်ဟာ ယူနိုက်တက်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး မကြာသေးခင်ကမှ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့သူလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ လာမယ့်စျေးကွက်အတွင်း ကစားသမားသစ်တွေကို ခေါ်ယူသွားဖို့ရှိနေပြီး လတ်တလောမှာတော့ အက်စတွန်ဗီလာအသင်းရဲ့ ကွင်းလယ်ကစားသမား ဒေါက်ဂလပ်လုဇ်ကို စိတ်ဝင်စားလျက်ရှိနေပါတယ်။ ဒါပေမယ့် ဒီကစားသမားဟာ မန်စီးတီးကနေ ဗီလာအသင်းကို ပြောင်းရွှေ့ခဲ့စဉ်တုန်းက ပြန််လည်ခေါ်ယူခွင့်ကို စာချုပ်ထဲမှာ ထည့်သွင်းချုပ်ဆိုထားလို့ မန်စီးတီးဘက်ကနေသာ ပြန်လည်ကမ်းလှမ်းလာမယ်ဆိုရင် ဗီလာဟာ လုဇ်ကို အာဆင်နယ်ထက် မန်စီးတီးဆီပဲ ရောင်းချရမှာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့နည်းပြဖရန့်လမ်းပတ်ကတော့ ဒီနှစ်ဘောလုံးရာသီအတွင်း သူ့အသင်းရဲ့ ခံစစ်အားနည်းမှုတွေအတွက် လာမယ့်စျေးကွက်အတွင်းမှာ ဘယ်နောက်ခံလူတစ်ဦးနဲ့ ဗဟိုနောက်ခံလူတစ်ဦးကို ခေါ်ယူသွားချင်နေသလို လတ်တလောမှာတော့ ဗဟိုခံစစ်နေရာအတွက် အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ ဟိုဆေးယီမီနက်ဇ်ကို စိတ်ဝင်စားလို့နေပြီး ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာဖွယ် ရှိနေပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကစားသမားသစ်ဖြစ်တဲ့ လီရွိုင်းဆာနေးက အင်တာဗျူးအစီအစဉ်အတွင်း သူရဲ့ဂျာမန်အသင်းဖော် ကိုင်းလ်ဟားဗက်ဇ်ကို ချယ်လ်ဆီးအသင်းကနေ ခေါ်ယူလိုက်နိုင်ပြီဆိုတဲ့ အဓိပ္ပာယ်သက်ရောက်သွားစေတဲ့ စကားတစ်ခွန်းကို ရုတ်တရက်ပြောထွက်သွားခဲ့ပြီး ချယ်လ်ဆီးက ဒီစျေးကွက်ထဲမှာ ဝါနာနဲ့ဟားဗက်ဇ်တို့လို ဂျာမန်ကြယ်ပွင့်တွေကို ခေါ်ယူနိုင်လိုက်ပြီလို့ ပြောဆိုမိခဲ့တာဖြစ်ပါတယ်။