MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၂၄ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

သြစတြီးယားနိုင်ငံမှာ ရာသီကြိုပြင်ဆင်မှုတွေနဲ့ ခြေစမ်းပွဲစဉ်ကို စီစဉ်လျက်ရှိနေတဲ့ လီဗာပူးလ်အသင်းဟာ မနေ့ညက သူတို့အသင်းရဲ့ တတိယမြောက် ရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် ဘွန်ဒစ်လီဂါကလပ် မိန့်ဇ်အသင်းနဲ့ ရင်ဆိုင်ကစားခဲ့ကြပြီး ပွဲပြီးခါနီးမှာ ပြိုင်ဘက်မိန့်ဇ်အသင်းဘက်က သွင်းယူမိခဲ့တဲ့ OG ဂိုးကြောင့် တစ်ဂိုးဂိုးမရှိနဲ့ လီဗာပူးလ်တို့ အနိုင်ရသွားခဲ့ပါတယ်။

ဘောလုံးရာသီသစ်တစ်ခုမတိုင်ခင်မှာ နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိတဲ့ ဘာစီလိုနာအသင်းရဲ့ ယိုအန်ဂမ်ပါ ဖိတ်ခေါ်ဖလားပြိုင်ပွဲအတွက် ဒီနှစ်ရဲ့ ပြိုင်ဘက်အသင်းအဖြစ် ဂျုဗင်တပ်စ်အသင်းကို ရွေးချယ်လိုက်ကြောင်း ဘာစီလိုနာကနေ ထုတ်ပြန်လိုက်ပြီး ဒီတစ်ကြိမ်မှာတော့ ဘာစီလိုနာ အမျိုးသားအသင်းနဲ့အတူ အမျိုးသမီးအသင်းကပါ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ပြင်သစ်လီဂူးရဲ့ ထိပ်သီးကလပ်အသင်းကြီးဖြစ်တဲ့ ပီအက်စ်ဂျီအသင်းဟာ အသင်းရဲ့နည်းပြဖြစ်သူ ပိုချက်တီနိုကို ၂၀၂၃ခုနှစ်အထိ သက်တမ်းရှိမယ့် စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုသွားခဲ့ပါတယ်။ ပိုချက်တီနိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ ရာသီဝက်ခန့်ကမှ အသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး နဂိုစာချုပ်အရ ၂၀၂၂ခုနှစ်အထိသာ ချုပ်ဆိုထားတာဖြစ်ပေမယ့် အခုလက်ရှိမှာတော့ ၂၀၂၃ခုနှစ်အထိ သက်တမ်းတိုးလိုက်တာဖြစ်ပါတယ်။

အင်တာမီလန်အသင်းရဲ့ ချီလီ ဝါရင့်ကွင်းလယ်ကစားသမားကြီး ဗီဒယ်က နွေစျေးကွက်အတွင်းမှာ အင်တာအသင်းနဲ့ လက်တွဲဖြုတ်သွားဖွယ် ရှိနေတာကြောင့် သူ့ကို တောင်အမေရိက ထိပ်တန်းအသင်းတွေဖြစ်တဲ့ ဘိုကာဂျူနီယာနဲ့ ဖလာမင်ဂိုတို့က ခေါ်ယူချင်နေကြပေမယ့် ကစားသမားကိုယ်တိုင်ကတော့ ဥရောပမှာပဲ ဘောလုံးသမားဘဝကို ဆက်လက်ဖြတ်သန်းချင်နေပါတယ်။

Manchester Evening News သတင်းမီဒီယာရဲ့ ဖော်ပြချက်တွေအရ စပါးအသင်းက သူတို့ရဲ့ တိုက်စစ်မှူး ဟာရီကိန်းအတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း(၁၆၀)ခန့်နဲ့ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် လက်လွတ်သွားဖို့ အဆင့်သင့်ရှိနေတယ် ဆိုပေမယ့်လည်း ဟာရီကိန်းကို အဓိကပစ်မှတ်ထားလို့နေတဲ့ မန်စီးတီးအသင်းအနေနဲ့ကတော့ ကိန်းအတွက် ဒီလိုပမာဏာမျိုးနဲ့ ကမ်းလှမ်းလာမှာ မဟုတ်ဘူးလို့ သိရှိရပါတယ်။