MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၂၃ရက်နေ့ မနက်၆နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

စပါးအသင်းရဲ့နည်းပြဟောင်း မာရီစီယိုပိုချက်တီနိုကို စီးရီးအေထိပ်သီးကလပ် ဂျုဗင်တပ်အသင်းနဲ့ လာလီဂါထိပ်တန်းကလပ် ဘာစီလိုနာအသင်းတို့အပြင် နောက်ထပ်နာမည်ကြီး ဘောလုံးအသင်း(၂)သင်းလောက်ကနေ နည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့အတွက် ပစ်မှတ်ထားလျက်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်ထားခဲ့ပါတယ်။

မနေ့ညက ချန်ပီယံရှစ်ပွဲစဥ်(၄၆) ရာသီပိတ်ပွဲတွေကို ကျင်းပသွားခဲ့ရာ ဝက်ဘရွန်းအသင်းက အဆင့်(၂)ကို ပိုင်ဆိုင်ခဲ့တာကြောင့် လိဒ်စ်ယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲကို တန်းတတ်သွားခဲ့ပြီး လက်ကျန်တစ်နေရာစာအတွက် ဘရန့်ဖိိုဒ့် ဖူလ်ဟမ် ကာဒစ်နဲ့ ဆွမ်ဆီးတို့က Play-off ကစားသွားရမှာဖြစ်ပါတယ်။

မန်စီးတီးအသင်းရဲ့ နည်းပြပတ်ဂွာဒီယိုလာက သူတို့အသင်းက ဘယ်လိုစွမ်းဆောင်ရည်ကောင်းတွေ ပြသခဲ့တဲ့ အသင်းမျိုးလဲဆိုတာ အားလုံးသိအောင် ပြန်လည်ကြိုးစားဖို့ လိုအပ်နေပြီး လာမယ့်ပွဲစဥ်တွေမှာ သူတို့အသင်းရဲ့ ပြိုင်ဘက်အသင်းအပေါ် ညှာတာမှုကင်းမဲ့တဲ့ ပေါက်ကွဲအားတွေကို ပြန်မြင်တွေ့လာရမယ်လို့ ကြုံးဝါးသွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဂျပန်လူငယ်ကစားသမား ကူဘိုဟာ လာမယ့်ဘောလုံးရာသီအတွင်း ရီးရဲလ်ဘက်တစ်အသင်းမှာ အငှားနဲ့သွားရောက်ကစားဖွယ် ရှိနေပါတယ်။ ကူဘိုဟာ ဒီနှစ်ဘောလုံးရာသီမှာလည်း မာယော့ကာအသင်းဆီမှာ တစ်ရာသီအငှားနဲ့ ပါဝင်ကစားခဲ့ရပေမယ့် မာယော့ကာအသင်းကိုတော့ တန်းဆင်းရမယ့်အရေးကနေ မကယ်တင်ပေးနိုင်ခဲ့ပါဘူး။

လာမယ့်စျေးကွက်ဖွင့်ချိန်အတွင်းမှာ ရီးရဲလ်မက်ဒရစ်အသင်းက​နေ ထွက်ခွာသွားမယ့် ကိုလံဘီယာလက်ရွေးစင် တိုက်စစ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို အင်တာမီလန် အေစီမီလန် ဘင်ဖီကာအသင်းတို့က ခေါ်ယူချင်နေသလို ဂျိမ်းစ်နဲ့ အရင်ကတည်းက သတင်းတွေ ထွက်ပေါ်ထားခဲ့ဖူးတဲ့ မန်ချက်စတာယူနိုက်တက်အသင်းကလည်း ဂျိမ်းစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေတယ်လို့ သိရပါတယ်။