MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၂၃ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ပြင်သစ်လီဂူးပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ လိုင်လီအသင်းဟာ အသင်းရဲ့ အဓိကနောက်ခံကစားသမားကြီးဖြစ်တဲ့ ဂျိုဆေးဖွန်တီကို နောက်ထပ်(၁)နှစ် ထပ်မံသက်တမ်းတိုးလိုက်နိုင်ပြီလို့ တရားဝင် ထုတ်ပြန်လာခဲ့ပါတယ်။ အသက်(၃၇)နှစ်အရွှယ်ရှိ ပေါ်တူဂီ ဝါရင့်နောက်ခံလူ ဖွန်တီဟာ ၂၀၁၈ခုနှစ်ကမှ တရုတ်စူပါလိဂ်ကနေ လိုင်လီအသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း စီးရီးအေကလပ် လာဇီယိုအသင်းမှာ တစ်ရာသီအငှားနဲ့ သွားရောက်ကစားခဲ့ရတဲ့ ဘရာဇီးကွင်းလယ်လူ ပါရဲရားက လက်ရှိမှာ ယူနိုက်တက်အသင်းဆီ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ပေမယ့်လည်း အသင်းမှာ နေရာရဖို့ မလွယ်ကူတာကြောင့် နွေစျေးကွက်အတွင်း အသင်းကနေ အပြီးသတ် ထွက်ခွာသွားချင်နေပါတယ်။

အတ္တလန်တာအသင်းကနေ စပါးအသင်းဆီကို ပြောင်းရွှေ့လာတော့မယ့် အီတလီဂိုးသမား ဂိုလီနီက သူ့ကို အလိုရှိနေတဲ့ အသင်းတွေထဲမှာ အီတလီကလပ်တွေ များစွာပါဝင်နေပေမယ့်လည်း သူကိုယ်တိုင်က စပါးမှာသာ ပါဝင်နေချင်တာဖြစ်ကြောင်းနဲ့ စပါးအသင်းရဲ့ ဂိုးသမားကြီး ဟူဂိုလိုရစ်နဲ့ တစ်သင်းတည်းမှာ အတူကစားရမှာကိုလည်း ဂုဏ်ယူမိကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

ဒီရက်ပိုင်းလေးအတွင်းမှာပဲ ကစားသမားသစ်တွေများစွာကို ခေါ်ယူအားဖြည့်ထားခဲ့တဲ့ အဲဗာတန်အသင်းဟာ ကွင်းလယ်ပိုင်းအတွက် စပါးအသင်းမှာ အနာဂတ် ပျောက်ဆုံးလို့နေတဲ့ အင်္ဂလန်ကွင်းလယ်လူ ဟာရီဝင့်စ်ကို ခေါ်ယူသွားချင်နေတယ်လို့ သိရှိရပါတယ်။ စပါးအသင်းကတော့ ဟာရီဝင့်စ်အတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်(၂၅)သန်းဝန်းကျင်လောက် အလိုရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ဟာ ပြင်သစ်နောက်ခံလူ ရာဖယ်ဗာရန်းရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေပေမယ့် ယူနိုက်တက်ရဲ့ ကနဦးကမ်းလှမ်းချက်ဖြစ်တဲ့ ယူရိုသန်း(၄၀)+အပိုဆုကြေး ပေါင်(၅)သန်းကိုတော့ ရီးယဲလ်ဘက်က ပယ်ချသွားခဲ့ပြီး ဗာရန်းအတွက် ယူရိုသန်း(၇၀)လောက်အထိကို အလိုရှိနေပါတယ်။