MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၂၂ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား အန်ဂိုလိုကန်တီဟာ သူရဲ့တံကောက်ကြောဒဏ်ရာက သက်သာလာပြီဖြစ်ပေမယ့်လည်း ကြံခိုင်မှုအပိုင်းမှာတော့ အားရစရာအနေအထားမှာ မရှိသေးတာကြောင့် ဒီနေ့ည အန်ဖီးလ်မှာ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၃၇)မှာ ဝင်ရောက်ကစားနိုင်ဖွယ်မရှိဘူးလို့ ချယ်လ်ဆီးနည်းပြ ဖရန့်လမ်းပတ်က ပြောဆိုလာခဲ့ပါတယ်။

အသက်(၁၉)နှစ်သာရှိသေးတဲ့ ဝက်ဘရွန်းအသင်းရဲ့ ဆယ်ကျော်သက်အရွှယ် နောက်ခံကစားသမားလေး နေသန်ဖာဂူဆန်ကတော့ ပရီးမီးယားလိဂ်ကလပ် ခရစ္စတယ်ပဲလေ့စ်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဖာဂူဆန်ဟာ ဝက်ဘရွှန်းအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆန်ပယ်ချခဲ့ပြီး ပဲလေ့စ်အသင်းဆီကိုပဲ (၃)နှစ်စာချုပ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။

ဆီဗီလာအသင်းဟာ ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့စျေးကွက်တုန်းကမှ အေစီမီလန်အသင်းကနေ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူထားခဲ့တဲ့ အသက်(၂၆)နှစ်အရွှယ် တောင်ပံကစားသမား ဆူဆိုကို ပြောင်းရွှေ့ကြေး ယူရို(၂၄)သန်းနဲ့ အပြီးသတ်ခေါ်ယူစာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး ဒီစပိန်ကစားသမားဟာ ဆီဗီလာအသင်းမှာ လာမယ့် ၂၀၂၅ခုနှစ်အထိ ရှိနေတော့မှာဖြစ်ပါတယ်။

လတ်တလောမှာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ စပိန်ကွင်းလယ်ကစားသမား သီယာဂိုအယ်ကန်တာရာနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း လီဗာပူးလ်အသင်းရဲ့နည်းပြယာဂင်ကလော့ကတော့ သူတို့အသင်းဟာ လာမယ့်ရာသီမှာ ပြိုင်ဘက်အသင်းတွေလို အပြောင်းအရွှေ့ အသုံးစရိတ်ကို များများစားစား သုံးစွဲသွားမှာမဟုတ်ပဲ လက်ရှိလူအင်အားကလည်း တောင့်တင်းလျက်ရှိနေတယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းကတော့ မန်ချက်စတာယူနိုက်တက်ကနေ ရှက်ဖီးယူနိုက်တက်အသင်းဆီမှာ အငှားနဲ့ ကစားနေတဲ့ အင်္ဂလန်လူငယ်ဂိုးသမားလေး ဒင်းဟန်ဒါဆန်ကို ခေါ်ယူသွားချင်နေပြီး ဟန်ဒါဆန်အတွက် လုပ်ခလစာကို မက်လောက်စရာကြေးတစ်ခုနဲ့ ကမ်းလှမ်းဖွယ်ရှိနေကာ တစ်ပတ်လုပ်ခ ပေါင်(၁)သိန်းကျော်လောက်အထိနဲ့ ကမ်းလှမ်းဖို့ဟန်ပြင်လျက်ရှိနေပါတယ်။