MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၂၁ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဗီလာရီးရဲလ်အသင်းနဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့ ဝါရင့်စပိန်ဘောလုံးကစားသမားကြီး ဆန်တီကာဇိုလာကတော့ ကောလဟာလတွေ ထွက်ပေါ်နေသလို အသင်ဟောင်းအာဆင်နယ်ဆီကို နည်းပြအဖွဲ့ဝင်တစ်ယောက် ပြန်သွားခဲ့ခြင်းမရှိပဲ ဇာဗီကိုင်တွယ်လို့နေတဲ့ ကာတာကလပ် အယ်ဆတ်အသင်းကိုသာ ပြောင်းရွှေ့ကစားဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။

ဘလွန်းဒီအောဆုပေးပွဲကို ဒီနှစ်အတွင်းမှာ ကျင်းပခြင်းမပြုတော့ပေမယ့်လည်း နှစ်တိုင်းချီးမြှင့်နေကြ နောက်ထပ်ဆုတစ်ဆုဖြစ်တဲ့ ရွှေခြေထောက်ဆုကိုတော့ ဆက်လက်ကျင်းပမှာဖြစ်ပြီး မက်ဆီ ရော်နယ်ဒို နေမာ လီဝန်ဒေါစကီး ချီလီနီ ဆာလာ ရာမို့စ် အဂူရိုနဲ့ ဗီဒယ်တို့က ဒီဆုကို ရယူနိုင်ဖို့အတွက် ဆန်ခါတင်ရွေးချယ်ထားခံရတဲ့ ကစားသမား(၁၀)ယောက်စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။

အသင်းနဲ့ အဆင်မပြေမှုတွေ ဆက်လက်ရှိနေသေးပေမယ့် ဂါရတ်ဘေးလ်ရဲ့အေးဂျင့်ဖြစ်သူ ဂျိုနသန်ဘားနတ်ကတော့ သူရဲ့ကစားသမားက လာမယ့်ရာသီမှာလည်း ရီးရဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွာသွားဦးမှာ မဟုတ်ဘူးလို့ ပြောဆိုလာခဲ့ပြန်ပါတယ်။ ဘားနတ်က ဘေးလ်ရဲ့လက်ရှိခြေစွမ်းတွေဟာ ရီးရဲလ်အသင်းမှာ ပါဝင်ကစားနေကြတဲ့ ကစားသမားတွေအားလုံးရဲ့ စွမ်းဆောင်ရည်တွေနဲ့ တူညီနေတုန်းပဲလို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။

လာမယ့်ရာသီမှာ ဆာရီနဲ့ လက်တွဲဖြုတ်ဖွယ်ရှိနေတဲ့ ဂျုဗင်တပ်စ်အသင်းဟာ လက်ရှိမှာ ကလပ်အသင်းလက်မဲ့ဖြစ်နေတဲ့ စပါးနည်းပြဟောင်း မာရီစီယိုပိုချက်တီနိုကို နည်းပြသစ်အဖြစ် ခန့်အပ်ချင်နေပြီး ပိုချက်တီနိုရဲ့အေးဂျင့်ဖြစ်သူနဲ့ပါ တွေ့ဆုံခဲ့ပြီး ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားရတော့မယ့် ဘုန်းမောက်အသင်းရဲ့ နောက်ခံကစားသမား နာသန်အကီကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ ဘုန်းမောက်အသင်းဟာ သူတို့ရဲ့ကြယ်ပွင့်ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ပေါင်(၄၅)သန်းလောက်အထိ အလိုရှိနေပေမယ့် တန်းဆင်းရတော့ဖြစ်လို့ ကစားသမားရဲ့တန်ကြေးကို (၁၀)သန်းလျှော့ချပြီး (၃၅)သန်းနဲ့ ရောင်းချဖို့ နီးစပ်နေပါတယ်။