MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၂၁ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အဲဗာတန်အသင်း အခုနှစ် နွေစျေးကွက်ရဲ့ ကစားသမားအင်အားဖြည့်တင်းမှုအဖြစ် ဘုန်းမောက်အသင်းရဲ့ ဘော့စနီးယား ဝါရင့်ဂိုးသမားကြီး ဘီဂိုဗစ်နဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးထားတဲ့ အသင်းလက်မဲ့ တောင်ပံကစားသမား အန်ဒရူးတောင်ဆန်ကိုပါ ခေါ်ယူအားဖြည့်လိုက်ပြီး လေဗာကူဆင် တောင်ပံကစားသမား ဒီမာရိုင်းဂရေးကို ခေါ်ယူနိုင်တော့မယ်လို့ သိရှိရပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဂျာမန်ဘွန်ဒစ်လီဂါမှာ အဆင့်(၇)နေရာအထိ ရောက်ရှိနိုင်ခဲ့လို့ UEFA Conference League ပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲခွင့် ရရှိထားခဲ့တဲ့ အူန်ယွန်းဘာလင်အသင်းဟာ လီဗာပူးလ်အသင်းရဲ့ အသက်(၂၃)နှစ်အရွှယ်ရှိ နိုင်ဂျီးရီးယား တိုက်စစ်ကစားသမား တိုင်ဝိုအာဝန်နီယီကို ယူရို(၇.၅)သန်းနဲ့ အပြီးသတ် ခေါ်ယူလိုက်ပါတယ်။

စပါးအသင်းဟာ ဆီဗီလာအသင်းရဲ့ လူငယ်ကြယ်ပွင့် ကစားသမားလေး ဘရိုင်ယန်ဂေးလ်ကို ခေါ်ယူသွားဖို့အတွက် အနီးစပ်ဆုံး ဖြစ်လို့နေပြီး အသင်းရဲ့ အာဂျင်တီးနား တောင်ပံကစားသမား အဲရစ်လာမယ်လာကိုလည်း အပြောင်းအရွှေ့ တစိတ်တပိုင်းအဖြစ် ဆီဗီလာဆီ အလိုက်ပေးသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

မန်စီးတီးအသင်းဟာ သူတို့အသင်းရဲ့ တတိယဦးစားပေး အရန်ဂိုးသမားကြီးဖြစ်တဲ့ စကော့ကာဆန်ကို နောက်တစ်ရာသီ အသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့အတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်လာခဲ့ရာ ကစားသမားကိုယ်တိုင်ကလည်း ဒီကမ်းလှမ်းမှုကို လက်ခံသွားခဲ့တယ်လို့ မန်စီးတီးအသင်းရဲ့ တရားဝင် ဝက်ဆိုဒ်ကနေ ထုတ်ပြန်လာခဲ့ပါတယ်။

လာဇီယိုအသင်းရဲ့ နည်းပြဟောင်းကြီးတစ်ဦးဖြစ်တဲ့ ဒယ်လီယိုရော့စီက ဒီနှစ်ဘောလုံးရာသီမှာ ရိုးမားအသင်းရဲ့ နည်းပြသစ်အဖြစ် တာဝန်ယူ ကိုင်တွယ်သွားမယ့် နာမည်ကျော်နည်းပြကြီး ဟိုဆေးမော်ရင်ဟိုအနေနဲ့ ဒီရာသီ စီးရီးအေပြိုင်ပွဲအတွင်း အစောဆုံး ထုတ်ပယ်နိုင်ခြေရှိတဲ့ နည်းပြတစ်ယောက်ဖြစ်တယ်လို့ သတ်မှတ်ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ အသင်းအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ရှိလို့နေတာကြောင့် အမေရိကန်နိုင်ငံအတွင်းမှာ ကျင်းပမယ့် ဖလော်ရီဒါ ဖိတ်ခေါ်ဖလားပြိုင်ပွဲကနေ နုတ်ထွက်သွားခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။