MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၁၉ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ချယ်လ်ဆီးအသင်းဟာ အသက်(၁၉)နှစ်အရွှယ်သာ ရှိသေးတဲ့ ဆယ်ကျော်သက်အရွှယ် လူငယ်တိုက်စစ်ကစားသမားလေး အာမန်ဒိုဘရိုဂျာကို (၅)နှစ် သက်တမ်းတိုးလိုက်ကြောင်း ထုတ်ပြန်လာခဲ့ပါတယ်။ အယ်ဂျီးရီးယား လူငယ်တိုက်စစ်မှူးလေးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက နယ်သာလန်ကလပ် ဗွီတက်ဆီအသင်းမှာ အငှားနဲ့ သွားရောက်ကစားခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းလေးကမှ ချယ်လ်ဆီးအသင်းရဲ့ ဝါရင့်တိုက်စစ်မှူးကြီး အိုလီဗီယာဂျရူးကို ခေါ်ယူထားခဲ့တဲ့ အေစီမီလန်အသင်းဟာ နောက်ထပ်ကစားသမား အင်အားဖြည့်တင်းမှုအဖြစ် မိုနာကိုအသင်းရဲ့ ဘယ်နောက်ခံကစားသမား ဖိုဒီဘာလိုတိုရေးကို ပြောင်းရွှေ့ကြေး ယူရို(၄)သန်းနဲ့ ခေါ်ယူခဲ့ပြီး (၄)နှစ်စာချုပ် ချုပ်ဆိုဖြစ်ခဲ့ပါတယ်။

ဒီနှစ်ရဲ့ နွေစျေးကွက်အတွင်းမှာ မန်စီးတီးအသင်းကနေ ရောင်းထုတ်ခံရမယ့် သတင်းတွေ ထွက်ပေါ်လို့နေတဲ့ အယ်ဂျီးရီးယား တောင်ပံကစားသမား မာရက်ဇ်က ကောလာဟလတွေ ထွက်ပေါ်နေသလို အသင်းပြောင်းမှာ မဟုတ်ပဲနဲ့ အသင်းနဲ့သာ စာချုပ်သစ် ချုပ်ဆိုသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ မာရက်ဇ်ရဲ့ လက်ရှိစာချုပ်သက်တမ်းအရ လာမယ့် ၂၀၂၃ခုနှစ်မှာပဲ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ယူရို-၂၀၂ဝပြိုင်ပွဲအတွင်း ခြေစွမ်းတွေပြသခဲ့ပြီး သွင်းဂိုးတွေပါ ရယူနိုင်ခဲ့တဲ့ နယ်သာလန်အသင်းရဲ့ ညာနောက်ခံကစားသမား ဒန်ဇယ်ဒီဖရိုင်းစ်ကို စီးရီးအေရဲ့ လက်ရှိချန်ပီယံ အင်တာမီလန်အသင်းကနေ စိတ်ဝင်စားလျက် ရှိနေပါတယ်။ အင်တာအသင်းဟာ အသင်းနဲ့ လမ်းခွဲသွားခဲ့တဲ့ ဟာကီမီရဲ့နေရာမှာ ဒမ်ဖရိုင်းစ်နဲ့ ပြန်လည်အစားထိုးချင်နေတာလည်း ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပြင်သစ်တောင်ပံတိုက်စစ်ကစားသမား ကင်စလေကိုးမန်းကို ခေါ်ယူသွားဖို့အတွက် ပြောင်းရွှေ့ကြေးတချို့အပြင် ဘိုင်ယန်အသင်းရဲ့ ပစ်မှတ်ဖြစ်ခဲ့ဖူးတဲ့ အိုဒွိုင်းကိုပါ အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်းအဖြစ် အလိုက်ပေး ကမ်းလှမ်းသွားဖို့ ပြင်ဆင်လာခဲ့တယ်လို့ ပြင်သစ်မီဒီယာ L’Equipe ကနေ ဖော်ပြလာခဲ့ပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ လူငယ်အကယ်ဒမီထွက် နောက်ခံကစားသမားလေး မက်ဂယ်ဟီကို ခေါ်ယူလိုက်နိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်လာခဲ့ပြီး ပြောင်းရွှေ့ကြေးကို ဖော်ပြထားခြင်း မရှိပေမယ့် ဂယ်ဟီရဲ့ ပြောင်းရွှေ့ကြေးက ပေါင်သန်း(၂၀)ဝန်းကျင်ခန့်လောက်ရှိမယ်လို့ သိရှိရပါတယ်။