MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၁၈ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဦးခေါင်းထိခိုက် ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူနေရတဲ့ မက္ကဆီကို တိုက်စစ်ကစားသမား ရာအူးဟီမီနက်ဇ်ဟာ မနေ့ညက ခရူဝီအသင်းနဲ့ ခြေစမ်းခဲ့တဲ့ ဝုလ်ဗ်အသင်းရဲ့ ရာသီကြိုခြေစမ်းပွဲမှာပဲ အသင်းအတွက် ပထမဆုံးအကြိမ်အဖြစ်နဲ့ ပြန်လည်ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဝုလ်ဗ်အသင်းကတော့ ခရူဝီအသင်းကို (၁)ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ရပါတယ်။

ဘရိုက်တန်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်တွေ ပျောက်ဆုံးလို့နေရတဲ့ အီရန်ညာတောင်ပံကစားသမား ဂျာဟန်းဘာခ့်ရှ်ဟာ နယ်သာလန် ထိပ်သီးကလပ် ဖီယင်နော့အသင်းဆီကို ၂၀၂၄ခုနှစ်အထိ သက်တမ်းရှိတဲ့ (၃)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဂျာဟန်းဘာခ့်ရှ်ဟာ ဘရိုက်တန်ကို မရောက်ရှိခင်ကတည်းက နယ်သာလန်အသင်းတွေမှာ ကျင်လည်ခဲ့ဖူးသူတစ်ဦးလည်း ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့သွားခဲ့တဲ့ ညာနောက်ခံကစားသမား ဟာကီမီရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့ ပစ်မှတ်ထားခံနေရတဲ့ ဟက်တာဘယ်လာရင်ကို အင်တာမီလန်အသင်းဘက်ကနေ ခေါ်ယူသွားချင်တယ်ဆိုရင် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်(၁၅)သန်းခန့် ပေးချေသွားရမယ်လို့ အာဆင်နယ်အသင်းက ထုတ်ပြန်လာခဲ့ကြောင်း သိရှိရပါတယ်။

ခံစစ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့ စီစဉ်လျက်ရှိနေတဲ့ အဲဗာတန်အသင်းဟာ နာပိုလီအသင်းရဲ့ ဆီနီဂေါနောက်ခံလူ ကူလီဘလီအပြင် ဂျုဗင်တပ်စ်အသင်းရဲ့ တူရကီနောက်ခံကစားသမား ဒီမီရယ်ကိုပါ ခေါ်ယူသွားချင်နေတယ်လို့ Calciomercato ကနေ ဖော်ပြလာခဲ့ပါတယ်။ အဲဗာတန်အသင်းဟာ အခု နွေစျေးကွက်အတွင်းမှာ ဗဟိုနောက်ခံလူတစ်ဦးကို အရခေါ်ယူသွားချင်နေပါတယ်။

ချယ်လ်ဆီးအသင်းနဲ့ ယူရိုပါလိဂ် ချန်ပီယံလိဂ်ဆုဖလားတွေ ပိုင်ဆိုင်နိုင်ခဲ့ရတဲ့ ဝါရင့်တိုက်စစ်မှူးကြီး အိုလီဗီယာဂျရူးဟာ မနေ့ကပဲ အေစီမီလန်အသင်းဆီကို (၂)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီး သူအနေနဲ့ အသင်းသစ်မီလန်မှာလည်း ဆုဖလားအောင်မြင်မှုတွေ ဆက်လက်ရယူသွားချင်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။