MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၁၇ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဥရောပ ကလပ်အသင်းတွေများစွာရဲ့ စိတ်ဝင်စားခြင်းကို ရရှိလို့နေတဲ့ ဆယ်ကျော်သက်အရွယ် ဂါနာဘယ်တောင်ပံကစားသမားလေး ဆူလီမန်နာဟာ လီဂူးချန်ပီယံကလပ် လိုင်လီအသင်းဆီကို ပြောင်းရွှေ့ကစားဖို့အတွက် သဘောတူညီမှု ရယူနိုင်ခဲ့ပြီဖြစ်ပြီး ဒီကနေ့မှာပဲ ဆေးစစ်မှုတွေကို ပြုလုပ်သွားမှာဖြစ်သလို ၂၀၂၆အထိ သက်တမ်းရှိမယ့် (၅)နှစ်စာချုပ် ချုပ်ဆိုသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

အသက်(၂၈)နှစ်အရွယ်ရှိ ဘရာဇီး ဘယ်တောင်ပံကစားသမား ဖီလစ်ပီအန်ဒါဆန်ကတော့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းကနေ သူရဲ့ယခင်အသင်းဟောင်း လာဇီယိုအသင်းဆီကို ပြောင်းရွှေ့ကြေး ယူရို(၃)သန်းဝန်းကျင်နဲ့ ပြန်လည်ပြောင်းရွှေ့သွားခဲ့ပြီး အသင်းနဲ့ (၄)နှစ်စာချုပ်ချုပ်ဆိုခဲ့သလို ကျောနံပါတ် (၇)ကို ဝတ်ဆင်သွားရမှာ ဖြစ်ပါတယ်။

စပါးအသင်းဟာ လိုင်ယွန်အသင်းရဲ့ ပြင်သစ်ကွင်းလယ်ကစားသမား အူစိန်အာဝါကို ပြိုင်ဘက်အသင်းတွေထက် လက်ဦးမှုရယူပြီး အရခေါ်ယူနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေး မပါဝင်ပဲ လိုင်ယွန်အသင်းရဲ့ ကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ ကွင်းလယ်လူ အန်ဒွန်ဘီလီနဲ့ ကစားသမားချင်း တိုက်ရိုက်အလဲအထပ် လုပ်ဆောင်သွားဖို့ စိတ်ဝင်စားလျက်ရှိနေတယ်လို့ ESPN ကနေ ဖော်ပြလာခဲ့ပါတယ်။

ဂျုဗင်တပ်စ်အသင်းဟာ အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်သူ အီတလီ ကွင်းလယ်ကစားသမား လိုကာတယ်လီကို ခေါ်ယူသွားနိုင်ဖို့အတွက် တစ်ရာသီအငှား+အငှားပြည့်သွားပါက ယူရိုသန်း (၃၀)နဲ့ အပြီးသတ်ဝယ်ယူခွင့်တို့နဲ့ ကမ်းလှမ်းလာခဲ့ရာ ဆာဆူအိုလိုအသင်းဘက်ကနေ ပယ်ချသွားခဲ့ပြီး အာဆင်နယ်အသင်းကနေသာ အပြီးသတ် ကမ်းလှမ်းမှုမျိုးနဲ့ ကမ်းလှမ်းလာခဲ့မယ်ဆိုရင်တော့ လက်ခံသွားဖွယ် ရှိနေပါတယ်။

ဗြိတိန်နာမည်ကျော် အားကစားသတင်းမီဒီယာ The Athletic ရဲ့ ဖော်ပြချက်တွေအရ မန်စီးတီးအသင်းဟာ အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ရာဟင်စတာလင်ကို အသင်းရဲ့ အရောင်းစာရင်းထဲမှာ ထည့်သွင်းထားတယ်လို့ သိရပါတယ်။ မန်စီးတီးဟာ ဟာရီကိန်းနဲ့ ဂျက်ဂရီးလစ်ရှ်တို့ကို ခေါ်ယူသွားနိုင်ဖို့အတွက် အသုံးစရိတ် လိုအပ်နေတာကြောင့် စတာလင်ကို ရောင်းထုတ်ချင်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။