MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၁၆ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဘာစီလိုနာအသင်းရဲ့ ဥက္ကဌဟောင်းတစ်ဦးအဖြစ် တာဝန်ယူဆောင်ရွှက်ခဲ့ဖူးတဲ့ လာပေါ်တာက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဘာစီလိုနာနည်းပြရာထူးနဲ့ ပတ်သက်ပြီးတော့ သတင်းထွက်ပေါ်နေတဲ့ ဇာဗီနဲ့ပတ်သက်လို့ မှတ်ချက်စကား ပြောဆိုလာခဲ့ပြီး သူသာ ဇာဗီဖြစ်နေမယ်ဆိုရင် ဒီဘုတ်အဖွဲ့နဲ့ လည်ပတ်နေတဲ့ အသင်းဟောင်းဆီကို လုံးဝပြန်လာမှာမဟုတ်ဘူးလို့ မှတ်ချက်ပြုပြောဆိုလာခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပြသာနာကြောင့် (၃)လလောက် အနားပေးထားခဲ့ရာကနေ ဘောလုံးပြိုင်ပွဲတွေကို ပြန်လည်စတင်ကျင်းပခဲ့ရာမှာ ပြိုင်ပွဲတိုင်းလိုလို ကစားသမား(၅)ယောက်အထိ တိုးမြှင့်လူစားလဲလှယ်ခွင့်ကို ပြောင်းလဲခွင့်ပြုပေးခဲ့သလို ဒီစည်းမျဉ်းကိုလည်း လာမယ့် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီအထိ ဆက်လက်ခွင့်ပြုသွားမယ်လို့ သိရှိရပါတယ်။

စပါးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ တိုက်စစ်မှူးဟောင်း ဘာဘာတော့ သူနဲ့အသင်းဖော်တွေ ဖြစ်ခဲ့ဖူးတဲ့ ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမား ဂါရတ်ဘေးလ်ရဲ့လတ်တလော ထွက်ပေါ်နေတဲ့ ဓါတ်ပုံတွေနဲ့ပတ်သက်ပြီး မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရသလို သူ့ကို ပွဲထွက်ကစားခွင့်မပေးလို့ ကပျက်ကချော်တွေ လုပ်ဆောင်နေခြင်းဟာ ပရိုမဆန်သလို လေးစားမှုကင်းမဲ့တယ်လို့ ဝေဖန်လိုက်ပါတယ်။

အာဆင်နယ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ဆက်တိုက်ထွက်ပေါ်လို့နေတဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ ဂါနာလက်ရွေးစင် ကွင်းလယ်ကစားသမား သောမတ်စ်ပါတေးကို အသင်းဘက်ကနေ စာချုပ်သစ်တစ်ရပ် ကမ်းလှမ်းလို့ထားပြီး ကစားသမားကိုယ်တိုင်ကပါ အာဆင်နယ်ကို ပြောင်းဖို့ထက် အသင်းမှာ ဆက်နေဖို့ စိတ်ပြောင်းလာဖွယ် ရှိနေပါတယ်။

မန်စီးတီးအသင်းဟာ ဒီရာသီမှာ အသင်းရဲ့အားအနည်းဆုံးနေရာ ဖြစ်နေခဲ့ရတဲ့ ခံစစ်ပိုင်းအတွက် လာမယ့်စျေးကွက်အတွင်း နာပိုလီခံစစ်ကစားသမား ကူလီဘလီကို ခေါ်ယူဖို့ ပြင်ဆင်ထားခဲ့ပေမယ့် နာပိုလီဘက်ကနေ သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း(၈၀)ကို စီးတီးဘက်ကနေ ပေးချေဖွယ်မရှိပဲ ပေါင်(၆၅)သန်းနဲ့သာ ကမ်းလှမ်းဖွယ်ရှိနေပါတယ်။