MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၁၆ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

နယူးကာဆဲလ်ယူနိုက်တက်အသင်းရဲ့ ဆီနီဂေါတိုက်စစ်မှူးဟောင်းကြီး ပါမစ်ဆစ်စီဟာ လက်ရှိ သူရဲ့ကလပ်အသင်းဖြစ်တဲ့ ဖီနာဘာချီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ပြီဖြစ်လို့ အသင်းလက်မဲ့ ကစားသမားတစ်ယောက် ဖြစ်သွားခဲ့ရပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို ပြန်လည်ပြောင်းရွေ့ချင်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

အသင်းရဲ့ ပေါ်တူဂီ ဝါရင့်ဂိုးသမားကြီး ရူအီပတ်သရစ်စီယိုကို ရိုးမားအသင်းဆီ ရောင်းချလိုက်ရတဲ့ ဝုလ်ဗ်အသင်းဟာ ပတ်သရစ်စီယိုရဲ့နေရာမှာ အစားထိုးဖို့အတွက် အိုလံပီယာကော့စ်အသင်းရဲ့ ပေါ်တူဂီဂိုးသမား ဟိုဆေးဆာကို ပြောင်းရွှေ့ကြေး ယူရို(၈)သန်းနဲ့ ခေါ်ယူလိုက်ပြီး (၅)နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုဖြစ်ခဲ့ပါတယ်။

လီဗာပူးလ် နောက်ခံကစားသမားဟောင်းကြီး ဒန်နီရယ်အက်ဂါ ပိုင်ဆိုင်လို့ထားတဲ့ ဒိန်းမတ်အခြေစိုက် ကလပ်အသင်း HB Koge အသင်းဟာ သူနဲ့အတူ လီဗာပူးလ်အသင်းမှာ တွဲဖက်ကစားခဲ့ဖူးတဲ့ အသင်းဖော်ဟောင်း ဖလာနာဂန်ကို (၂)နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ အက်ဂါဟာ ဘောလုံးသမားဘဝကို အနားယူပြီးနောက်ပိုင်းမှာ အသင်းပိုင်ရှင်အဖြစ်နဲ့ ဆက်လက်ရပ်တည်နေတာလည်း ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ယူရို-၂၀၂ဝပြိုင်ပွဲမှာ အီတလီအသင်းနဲ့ အောင်မြင်မှုတွေ ရယူခဲ့ပြီး အင်တာမီလန်အသင်းနဲ့လည်း စီးရီးအေချန်ပီယံ ဖြစ်ခဲ့တဲ့ ကွင်းလယ်ကစားသမား ဘာရယ်လာကို ခေါ်ယူသွားဖို့ အထူးစိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပေမယ့်လည်း အင်တာအသင်းဘက်ကတော့ သူတို့ရဲ့ ကြယ်ပွင့်ကစားသမားကို ရောင်းချသွားမှာ မဟုတ်ဘူးလို့ သိရှိရပါတယ်။

ဒီနှစ်နွေစျေးကွက်အတွင်းမှာ ချယ်လ်ဆီးအသင်းနဲ့ လက်တွဲဖြုတ်ရဖွယ် ရှိလို့နေတဲ့ တိုက်စစ်ကစားသမား တမ်မီအေဘရာဟမ်ကို အက်စတွန်ဗီလာ ဝက်စ်ဟမ်းအသင်းနဲ့အပြိုင် အာဆင်နယ်အသင်းကပါ ခေါ်ယူသွားဖို့ စိတ်ဝင်စားလာခဲ့ပေမယ့် ချယ်လ်ဆီးဘက်ကတော့ အေဘရာဟမ်ကို ရောင်းချဖို့ထက် ဟာလန်းကို ခေါ်ယူရာမှာသာ တစိတ်တပိုင်းအဖြစ် ထည့်သွင်းအသုံးပြုဖွယ် ရှိလို့နေပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့ ကောလာဟလသတင်းတွေ ထွက်ပေါ်လို့နေတဲ့ ယူရို-၂၀၂ဝချန်ပီယံ နောက်ခံကစားသမား ဒီလော်ရန်ဇိုဟာ သူရဲ့လက်ရှိကလပ် နာပိုလီအသင်းနဲ့သာ ၂၀၂၆ခုနှစ်အထိ သက်တမ်းရှိမယ့် (၅)နှစ် သက်တမ်းတိုးစာချုပ်ကို ချုပ်ဆိုခဲ့ပြီး နာပိုလီနဲ့ ဆက်လက်ပူးပေါင်းသွားတော့မှာ ဖြစ်ပါတယ်။