MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၁၅ရက်နေ့ မနက်၈နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖရန့်လမ်းပတ်က အသင်းကို လာမယ့်ရာသီသစ်မှာ ရောက်ရှိလာကြတော့မယ့် ဟာကင်ဇီယက်ရှ်နဲ့ တီမိုဝါနာတို့လို ကစားသမားသစ်တွေကြောင့် အသင်းရဲ့လူစာရင်းကို မတည်မငြိမ်ဖြစ်သွားတာတွေ ပွဲထွက်ကစားသမား(၁၁)ယောက်ကို ရွေးချယ်ရမှာ ခက်ခဲမှုတွေကြောင့် ရှိလာနိုင်မှာမဟုတ်ဘူးလို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီနှစ်ဘောလုံးရာသီ ကျားသစ်ကွက်ပုံစံဒီဇိုင်းမျိုးနဲ့ သူတို့ရဲ့ အိမ်ကွင်းဝတ်စုံကို ဒီဇိုင်းရေးဆွဲခဲ့ပေမယ့်လည်း လာမယ့် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာတော့ ယခင်က ဝတ်ဆင်နေကြ အနီအပြာ အစင်းအကွက်ကျယ်ဒီဇိုင်းကိုသာ ဝတ်ဆင်တော့မှာဖြစ်ပြီး ဝတ်စုံရဲ့စျေးနှုန်းကတော့ အရင်ထက် ပိုမိုစျေးကြီးဖွယ် ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ် အင်တာမီလန်နဲ့ အေဂျက်စ်အသင်းတို့ရဲ့ နယ်သာလန်ကွင်းလယ်ကစားသမားဟောင်းကြီး ဝက်စလေဆနိုက်ဒါဟာ ဘောလုံးသမားဘဝကနေ အနားယူထားသူဖြစ်ပေမယ့် မကြာသေးခင်ကမှ ဘောလုံးလောကထဲ ပြန်လည်ဝင်ရောက်လာတဲ့ ရော်ဘင်ကို အားကျနေမိတာကြောင့် လေ့ကျင့်ခန်းတွေပင် ပြန်လည်ပြုလုပ်နေပြီး မကြာခင်မှာပဲ ဘောလုံးသမားဘဝကို ပြန်လည်စတင်ဖွယ် ရှိနေပါတယ်။

အာဆင်နယ်အသင်းအတွက် ကစားခွင့်မရတာ ပွဲအရေအတွက် အတော်လေးကို များပြားနေပြီဖြစ်တဲ့ ကွင်းလယ်ကစားသမားအိုဇေးဟာ အာဆင်နယ်နဲ့ လီဗာပူးလ်အသင်းတို့ ရင်ဆိုင်တွေ့ဆုံရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၃၆)ရဲ့လူစာရင်းအတွင်းမှာလည်း ပါဝင်လာခြင်းမရှိခဲ့ပြန်ပဲ ဘာကြောင့်မပါနိုင်ရသလဲဆိုတာကိုပါ နည်းပြအာတီတာက ရှင်းပြဖို့ ငြင်းဆန်သွားခဲ့ပါတယ်။

ဂျုဗင်တပ်စ်အသင်းရဲ့ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား ပေါ်လိုဒီဘားလားဟာ ရာသီအစတုန်းက မန်ချက်စတာယူနိုက်တက် စပါးအသင်းတို့နဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း အသင်းမှာပဲ ဆက်လက်ရှိနေဖို့ကို ရွေးချယ်ခဲ့တဲ့အပြင် အခုဆို ဂျုဗင်တပ်စ်ဘက်ကနေ ဒီဘားလားကို (၅)နှစ် စာချုပ်သစ်ပါ ချုပ်ဆိုလိုက်ပြီဖြစ်တယ်လို့ သိရှိရပါတယ်။