MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၁၅ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။


လတ်တလောမှာ ဥရောပထိပ်တန်း ကလပ်အသင်းတွေများစွာကနေ စိတ်ဝင်စားလို့နေတဲ့ တိုက်စစ်ကစားသမား မာလန်းနဲ့ ညာနောက်ခံလူ ဒမ်ဖရိုင်းစ်တို့အတွက် တရားဝင် ကမ်းလှမ်းလာတဲ့ ကမ်းလှမ်းချက် တစ်စုံတစ်ရာကိုမှ လက်ခံရရှိထားခြင်း မရှိသေးဘူးလို့ ပီအက်စ်ဗွီအသင်းရဲ့ ဒါရိုက်တာဖြစ်သူက ထုတ်ပြန်သွားခဲ့ပါတယ်။

စကော့တလန်အသင်းနဲ့ ချက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို-၂၀၂၀ အုပ်စု D ရဲ့ အုပ်စုတွင်းပွဲစဉ်အတွင်း ချက်အသင်းရဲ့ တိုက်စစ်ကစားသမား ပက်သရစ်ရှစ်ခ် သွင်းယူခဲ့တဲ့ အလန်းစားသွင်းဂိုးကို ယူရို-၂၀၂ဝပြိုင်ပွဲတလျှောက် အကောင်းဆုံးသွင်းဂိုးအဖြစ် တရားဝင် ရွေးချယ်သတ်မှတ်လိုက်ပါတယ်။

အသက်(၃၄)နှစ်အရွှယ်ရှိ အီတလီ ဝါရင့်ဂိုးသမားကြီး ဆီရီဂူဟာ တိုရီနိုအသင်းကနေ ဂျီနိုအာအသင်းကို ပြောင်းရွှေ့ကစားဖို့ နီးစပ်လို့နေပြီလို့ Sky Sports Italia ကနေ ဖော်ပြလာခဲ့ပါတယ်။ ဆီရီဂူရဲ့ အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့အတွက်က လက်ရှိ အသင်း(၂)သင်းရဲ့ကြားမှာ သဘောတူညီမှု မရသေးပေမယ့်လည်း ဂျီနိုအာအသင်းကတော့ ဆီရီဂူကို ခေါ်ယူနိုင်ဖို့အတွက် ယုံကြည်လျက် ရှိလို့နေပါတယ်။

နယူးကာဆဲလ်ယူနိုက်တက်အသင်းရဲ့ ဆလိုဗက်ကီးယား ဂိုးသမားဖြစ်တဲ့ မာတင်ဒူဗရာကာဟာ လက်ရှိအချိန်မှာ ခြေထောက်ဒဏ်ရာ ခံစားနေရတာကြောင့် နယူးကာဆဲလ်ရဲ့ ရာသီအစ ပရီးမီးယားလိဂ်ပွဲစဉ် အနည်းငယ်ခန့်ကို လွဲချော်ရတော့မှာဖြစ်ပြီး လူငယ်ဂိုးသမား ဝုဒ်မန်းကို ဘုန်းမောက်အသင်းဆီ အငှားချမယ့် အစီအစဉ်ကိုပါ ဖျက်သိမ်းလိုက်ရပါတယ်။

ရိုးမားအသင်းဟာ အာဆင်နယ်အသင်းရဲ့ ဆွစ်ဇာလန်ကွင်းလယ်ကစားသမား ဂရန်းနစ်ချာကာကို ခေါ်ယူသွားဖို့အတွက် ပြောင်းရွှေ့ကြေးအပိုင်းမှာ အဆင်မပြေ ဖြစ်လို့နေရာ အာဆင်နယ်ဘက်ကနေ အလိုရှိနေတဲ့ အသင်းရဲ့ ကွင်းလယ်လူ အာမာဒူဒီရာဝါယာကို အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်းအဖြစ် အလိုက်ပေးပြီး နောက်တစ်ကြိမ် ကမ်းလှမ်းဖွယ် ရှိနေပါတယ်။

ဘာစီလိုနာနဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းတို့ဟာ သူတို့ရဲ့ကစားသမားတွေဖြစ်တဲ့ ဂရီးဇ်မန်းနဲ့ ဆာအူးတို့ကို ကစားသမားချင်း တိုက်ရိုက်လဲလှယ်သွားဖို့ ဆွေးနွေးလျက်ရှိနေပြီ ဖြစ်ပေမယ့်လည်း ဘာစီလိုနာအသင်းကတော့ တိုက်ရိုက်အလဲအထပ်ထက် ပြောင်းရွှေ့ကြေး အနည်းငယ်လောက်ပါ အလိုရှိနေတယ်လို့ သိရပါတယ်။