MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၁၃ရက်နေ့ မနက်၈နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မကြာခင်မှာ ပြည်တွင်းရှံးထွက်ဖလားနှစ်လုံး ဖိုင်နယ်ပွဲစဉ်တွေနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲတွေကို ယှဉ်ပြိုင်သွားရတော့မယ့် ပီအက်စ်ဂျီအသင်းဟာ မနေ့ညက လာဟာဗေးအသင်းနဲ့ ခြေစမ်းပွဲကစားခဲ့ပြီး အီကာဒီ နေမာ ဘာပေ ဆာရာဘီယာတို့ရဲ့သွင်းဂိုးတွေနဲ့အတူ (၉)ဂိုး ဂိုးမရှိနဲ့ ပြတ်ပြတ်သားသား အနိုင်ရသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒေါ့မွန်အသင်းရဲ့တောင်ပံကစားသမားဆန်ချိုကို ခေါ်ယူဖို့ထက် ဖီအိုရင်တီးနားအသင်းရဲ့ အီတလီတောင်ပံကစားသမား ချီယေဇာကိုပဲ ခေါ်ယူသွားဖွယ်ရှိနေပြီး အီတလီကနေ ထွက်ပေါ်လာခဲ့တဲ့ သတင်းများအရ ယူနိုက်တက်ဟာ ချီယေဇာကို ခေါ်ယူနိုင်ဖို့အတွက် သဘောတူညီမှု ရယူနိုင်ဖို့တောင် နီးစပ်နေပြီလို့ သိရှိရပါတယ်။

ချယ်လ်ဆီးအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေး ထွက်ပေါ်နေတဲ့ လေဗာကူဆင်အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ကိုင်းလ်ဟားဗက်ဇ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားချင်နေသူဖြစ်လို့ တကယ်လို့ ချယ်လ်ဆီးအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်သွားခဲ့မယ်ဆိုရင် ဟားဗက်ဇ်က အခြားအသင်းတစ်သင်းဆီကိုပဲ ပြောင်းရွှေ့သွားနိုင်ပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ ဆာဘီးယားတိုက်စစ်ကစားသမား လူကာဂျိုဗစ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ သူငယ်ချင်းနဲ့ အတူရှိမိခဲ့လို့ စစ်ဆေးမှုတွေ ခံယူနေရပေမယ့် တတိယအကြိမ် စစ်ဆေးခဲ့တဲ့အထိ Negative အဖြေသာ ထွက်ပေါ်လာခဲ့တာကြောင့် လာမယ့် ဗီလာရီးရဲလ်အသင်းနဲ့ပွဲစဉ်မှာ အသင်းရဲ့လူစာရင်းအတွင်း ပြန်လည်ပါဝင်နိုင်တော့မှာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ အသင်းမှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရတဲ့ ဝါရင့်ခရိုအေးရှား နောက်ခံလူဒီဂျန်လိုဗရန်ကို လာမယ့်စျေးကွက်အတွင်းမှာ အသင်းကနေ ရောင်းထုတ်သွားတော့မှာဖြစ်ပြီး လက်ရှိမှာတော့ ဒီကစားသမားကြီးကို ရုရှားထိပ်သီးကလပ် ဇင်းနစ်အသင်းကနေ ခေါ်ယူဖို့အတွက် စိတ်ဝင်စားလျက်ရှိနေတယ်လို့ သိရှိရပါတယ်။