MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၁၃ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အင်တာမီလန်အသင်းဟာ အသင်းရဲ့ ပေါ်တူဂီကွင်းလယ်ကစားသမားဖြစ်သူ ဂျာအိုမာရီယိုနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ကြေညာလာခဲ့ပါတယ်။ ၂၀၁၆ခုနှစ်ကတည်းက အင်တာကို ရောက်ရှိနေခဲ့တဲ့ မာရီယိုဟာ ဝက်စ်ဟမ်း လိုကိုမိုးတစ်မော်စကိုနဲ့ အသင်းဟောင်း စပို့တင်းလစ္စဘွန်းအသင်းတွေမှာပါ အငှားသွားရောက်ကစားခဲ့ရပါသေးတယ်။

အပြောင်းအရွေ့ သတင်းထောက်ကြီး ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်များအရ လီဗာပူးလ်အသင်းဟာ သူတို့အသင်းရဲ့ အဓိကတိုက်စစ်ကစားသမားဖြစ်သူ မိုဟာမက်ဆာလာကို စာချုပ်သက်တမ်းတိုးဖို့ နီးစပ်မှု မရှိနေသေးဘူးလို့ သိရပါတယ်။ အီဂျစ်တိုက်စစ်ကစားသမား ဆာလာဟာ လီဗာပူးလ်အသင်းနဲ့ ၂၀၂၃ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာဖြစ်ပေမယ့် အသင်းက သူ့ကို ထပ်မံသက်တမ်းတိုးချင်နေပါတယ်။

အာဆင်နယ်အသင်းရဲ့ စပိန်ညာနောက်ခံကစားသမား ဟက်တာဘယ်လာရင်က ဒီနှစ်နွေရာသီ အပြောင်းအရွေ့စျေးကွက်အတွင်းမှာ အသင်းကနေ ထွက်ခွာချင်ပြီး သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အင်တာမီလန်အသင်းဆီကို ပြောင်းရွေ့ချင်နေတယ်လို့ အသင်းဘက်ကို အသိပေးထားကြောင်း သိရှိပါတယ်။ အင်တာကလည်း အသင်းကနေ ထွက်ခွာသွားတဲ့ ဟာခီမီရဲ့နေရာမှာ ဘယ်လာရင်နဲ့ အစားထိုးချင်နေပါတယ်။

အသက်(၁၈)နှစ်အရွှယ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက်အရွှယ် ဘရာဇီးကွင်းလယ်ကစားသမားလေး ဒီယေဂိုရိုဆာဟာ မန်စီးတီးအသင်းရဲ့ ရာသီကြိုခြေစမ်းပွဲစဉ်တွေမှာ ပါဝင်ကစားသွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။ ရိုဆာဟာ ဂရီမဲရိုးကနေ မန်စီးတီးကို ရောက်ရှိပြီးချင်းမှာပဲ မန်စီးတီးအသင်းပိုင်ရှင်တွေ ပိုင်ဆိုင်ထားတဲ့ ဘယ်ဂျီယံကလပ် Lommel SK မှာ အငှားနဲ့ သွားရောက်ကစားခဲ့ရပြီး နောက်တစ်ရာသီမှာလည်း အငှားဆက်ကစားသွားရမှာ ဖြစ်ပါတယ်။

အီတလီလက်ရွေးစင်အသင်းရဲ့ နည်းပြကြီး ရောဘတ်တိုမန်စီနီဟာ အီတလီအသင်းကို ယူရို-၂၀၂ဝပြိုင်ပွဲမှာ ချန်ပီယံဆု ဆွတ်ခူးအောင် စွမ်းဆောင်နိုင်ခဲ့ပြီး မန်စီးတီးအသင်းနဲ့လည်း ပရီးမီးယားလိဂ်ဆုဖလားကို ပိုင်ဆိုင်ခဲ့ဖူးသေးတာကြောင့် ယူရိုဖလားနဲ့ ပရီးမီးယားလိဂ်ဆုဖလားတို့ကို အရယူနိုင်ခဲ့တဲ့ ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်သွားခဲ့ရပါတယ်။