MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၁၂ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အေဂျက်စ်အသင်းရဲ့ ဂိုးသမားဖြစ်သူ အိုနာနာဟာ ပြင်သစ်လီဂူးကလပ် လိုင်ယွန်အသင်းကို ပြောင်းရွေ့ဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုတွေ ရယူနိုင်ခဲ့ပြီ ဖြစ်ပေမယ့်လည်း လိုင်ယွန်နဲ့ အေဂျက်စ်အသင်းတို့ရဲ့ကြားမှာတော့ သဘောတူညီမှု တစ်စုံတစ်ရာမှ မရရှိသေးဘူးလို့ အပြောင်းအရွေ့ဂူရု ဖာဘရီဇီယိုရိုမာနိုက သူရဲ့တွစ်တာစာမျက်နှာပေါ်ကနေ ဖော်ပြသွားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ကနေ လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲဆီ တန်းဆင်းသွားခဲ့ရတဲ့ ဖူလ်ဟမ်အသင်းရဲ့ အသက်၂၃နှစ်အရွယ် အမေရိကန် ညာနောက်ခံကစားသမားလေး ရောဘင်ဆန်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေပြီး လက်ရှိမှာ ဒီကစားသမားလေးကို မန်စီးတီးအသင်းနဲ့အပြိုင် ဝုလ်ဗ်နဲ့ အေစီမီလန်အသင်းတွေကလည်း ပစ်မှတ်ထားလျက် ရှိနေပါတယ်။

အဲဗာတန်အသင်းရဲ့ နည်းပြသစ်ဖြစ်လာခဲ့တဲ့ ရာဖေးလ်ဘင်နီတက်ဇ်ဟာ အခုနှစ် နွေရာသီ အပြောင်းအရွေ့စျေးကွက်အတွင်းမှာ နာပိုလီအသင်းရဲ့ နောက်ခံကစားသမား ကူလီဘလီကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ 90Min ကနေ ဖော်ပြလာခဲ့ပါတယ်။ နည်းပြဘင်နီတက်ဇ်နဲ့ ကူလီဘလီတို့နှစ်ယောက်ဟာ ဘင်နီတက်ဇ် နာပိုလီအသင်းကို ကိုင်တွယ်ခဲ့စဥ်တုန်းက တွဲဖက်အလုပ်လုပ်ခဲ့ဖူးတဲ့ ဆရာတပည့်ဟောင်းတွေလည်း ဖြစ်ပါတယ်။

ကွင်းလယ်လူ ဂရန်းနစ်ချာကာကို ရိုးမားအသင်းဆီ လက်လွတ်သွားရဖို့ နီးစပ်နေသလို အသင်းရဲ့ပစ်မှတ် လိုကာတယ်လီကိုလည်း ခေါ်ယူဖို့ ခဲယဥ်းနေတဲ့ အာဆင်နယ်အသင်းဟာ လတ်တလောမှာတော့ ဝုလ်ဗ်အသင်းရဲ့ ပေါ်တူဂီကွင်းလယ်ကစားသမား ရူဘင်နေးဗက်စ်ကို အရခေါ်ယူသွားဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းထွက်နေပြီး ဝုလ်ဗ်ကလည်း နေးဗက်စ်နေရာမှာ အစားထိုးဖို့အတွက် ရီနာတိုဆန်းချက်စ်ကို ပစ်မှတ်ထားနေပါတယ်။

ယူရို၂၀၂၀ပြိုင်ပွဲချန်ပီယံ အီတလီလက်ရွေးစင်အသင်းရဲ့ ဂိုးသမားဖြစ်သူ ဒွန်နာရမ်မာဟာ ယူရိုပြိုင်ပွဲတလျှောက် အကောင်းဆုံးလက်စွမ်းတွေ ပြသနိုင်ခဲ့ပြီး အသင်းကို ယူရိုချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် ပြိုင်ပွဲတလျှောက် အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး ဒီလို ဂိုးသမားတစ်ဦးအနေနဲ့ Payer of the Tournament ဆုကို ပိုင်ဆိုင်နိုင်ခြင်းဟာ ယူရိုပြိုင်ပွဲ သမိုင်းတလျှောက် ပထမဆုံးအကြိမ် ဖြစ်လာခဲ့ရပါတယ်။