MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၁၀ရက်နေ့ မနက်၈နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဘာစီလိုနာအသင်းရဲ့ဘရာဇီးကစားသမားဟောင်းကြီး ရီဗယ်ဒိုက အသင်းနဲ့ အပြောင်းအရွှေ့ ကောလဟာလသတင်းတွေ ထွက်ပေါ်လိုနေတဲ့ အင်တာမီလန်အသင်းရဲ့ အာဂျင်တီးနား တိုက်စစ်မှူးလေး လော်သာရိုမာတီနက်ဇ်ထက် ကစားသမားဟောင်းနေမာကိုသာ ပြန်လည်ခေါ်ယူသင့်တယ်လို့ အကြံပြုတိုက်တွန်းပြောဆိုလာခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကစားသမားဟောင်း ဆော်လမွန်ကာလူးဟာ ဟာသာဘာလင်အသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေချိန် ကလပ်အသင်းများစွာနဲ့ အပြောင်းအရွှေ့ကိစ္စတွေ ဆွေးနွေးညှိနှိုင်းခဲ့ရာ လက်ရှိမှာတော့ ဘရာဇီးကလပ် ဘိုတာဖိုဂိုအသင်းနဲ့ အဆင်ပြေနေတဲ့အတွက် မကြာခင်မှာပဲ အပြောင်းအရွှေ့က အထမြောက်ဖွယ်ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီကမှ ဖရန့်ဖတ်အသင်းကနေ ပြောင်းရွှေ့ကြေးများစွာနဲ့ ခေါ်ယူထားခဲ့တဲ့ ဆာဘီးယား လူငယ်တိုက်စစ်မှူးလေး လူကာဂျိုဗစ်ကို လာမယ့်စျေးကွက်အတွင်းမှာ အပြီးသတ်ရောင်းချသွားဖို့အထိပါ စဉ်းစားလာခဲ့ပြီး ကစားသမားအတွက် ကမ်းလှမ်းချက်တွေကိုလည်း နားစွင့်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လို့လာခဲ့ပါတယ်။

ဘရိုက်တန်ကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ အသင်းအတွက် သွင်းဂိုးတစ်ဂိုးရယူပေးရင်းနဲ့ ဒူးဒဏ်ရာရရှိသွားခဲ့တဲ့ အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဟန်ဒါဆန်ရဲ့ ဒဏ်ရာအတိမ်အနက်က ဘယ်လောက်အထိရှိမလဲဆိုတာကို မသိရှိရသေးကြောင့် နည်းပြယာဂင်ကလော့က ထုတ်ပြန်ပြောဆိုထားခဲ့ပြီး လက်ကျန်ပွဲတွေအားလုံးကိုတော့ လွဲချော်ရဖွယ် ရှိနိုင်ပါတယ်။

ဥရောပရဲ့အကောင်းဆုံး အမျိုးသမီးဘောလုံးသမားတွေထဲကမှတစ်ယောက်လို့ သတ်မှတ်ခံထားရတဲ့ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား လေစီစတန်နီဖိုဒ့်ဟာ ဘာမင်ဂမ်အမျိုးသမီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက် အမျိုးသမီးအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့ပါတယ်။