MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇူလိုင်လ ၁၀ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို ပြန်လည်တန်းတတ်ခွင့် ရရှိလာခဲ့တဲ့ ဝက်ဖိုဒ့်အသင်းဟာ နွေရာသီ ကစားသမားဖြည့်တင်းမှုအဖြစ် အဲဗာတန်အသင်းရဲ့ နော်ဝေတိုက်စစ်ကစားသမား ဂျိုရှုအာကင်းကို အလွတ်ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူလိုက်ပြီး (၂)နှစ်စာချုပ် ချုပ်ဆိုခဲ့သလို နောက်ထပ်(၁)နှစ် ထပ်မံသက်တမ်းတိုးခွင့်ကိုပါ ထည့်သွင်းချုပ်ဆိုဖြစ်ခဲ့ပါတယ်။

ဝုလ်ဗ်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း လီဂူးကလပ် အန်ဂါစ်အသင်းကနေ တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူထားခဲ့တဲ့ ပြင်သစ်နောက်ခံကစားသမားလေး နူဟီကို ပြောင်းရွေ့ကြေး ပေါင်(၉.၅)သန်းနဲ့ အပြီးသတ်ခေါ်ယူလိုက်ပြီး (၅)နှစ်စာချုပ်ချုပ်ဆိုဖြစ်ခဲ့ပါတယ်။ နူဟီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဝုလ်ဗ်အသင်းအတွက် ပြိုင်ပွဲစုံ (၂၄)ပွဲအထိကို ပါဝင်ကစားသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူငယ်ကစားသမားလေး တာဟစ်ချောင်ဟာ လိဂ်ချန်ပီယံရှစ် ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဘာမင်ဂမ်စီးတီးအသင်းဆီကို တစ်ရာသီအငှားနဲ့ ပြောင်းရွေ့သွားခဲ့ပြီဖြစ်ပါတယ်။ အသက်(၂၁)အရွှယ် တောင်ပံကစားသမားလေးဟာ ပြီးခဲ့တဲ့ရာသီကလည်း ဝါဒါဘရီမင်နဲ့ ကလပ်ဘရုဂေးအသင်းတွေမှာလည်း အငှားသွားရောက်ကစားခဲ့ပါသေးတယ်။

90Min သတင်းမီဒီယာရဲ့ ဖော်ပြချက်အရ စပါးအသင်းဟာ သူတို့ရဲ့ တောင်ကိုရီးယားကြယ်ပွင့် တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့အတွက် ယုံကြည်လျက်ရှိနေပြီး သူရဲ့အသင်းဖော် ဟာရီကိန်းကို အသင်းမပြောင်းပဲ အသင်းမှာ ဆက်လက်ရှိနေအောင် ထိန်းထားနိုင်ခဲ့ပြီးရင် ဆွန်ရဲ့စာချုပ်ကိစ္စကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

လီဗာပူးလ်အသင်းဟာ ဝုလ်ဗ်အသင်းရဲ့ စပိန်လက်ရွေးစင် တောင်ပံကစားသမား ထရာအိုရေးကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေပြီး ကနဦးကမ်းလှမ်းချက်အဖြစ် ပေါင်(၂၅)သန်းနဲ့ စတင်ကမ်းလှမ်းလာဖွယ် ရှိတယ်လို့ သိရပါတယ်။ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကလည်း ဝုလ်ဗ်တောင်ပံတိုက်စစ်ကစားသမား ဒီယေဂိုဂျိုတာကိုလည်း ခေါ်ယူထားခဲ့ပါသေးတယ်။