MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇန်နဝါရီ ၉ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အသက်(၁၉)နှစ်အရွှယ်ရှိ ဆယ်ကျော်သက်အင်္ဂလန် ဘယ်နောက်ခံကစားသမားလေး အီသန်လတ်ဒ်ဟာ အင်္ဂလန်လိဂ်ဝမ်း ကလပ်အသင်းတစ်သင်းဖြစ်တဲ့ အမ်ကေဒွန်းအသင်းဆီကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။ အီသန်လတ်ဒ်ဟာ အက်စတာနာနဲ့ ကစားခဲ့ရတဲ့ ယူရိုပါလိဂ်ပွဲစဉ်အတွင်း သူရဲ့ယူနိုက်တက်စီနီယာကစားသမားဘဝကို စတင်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကမှ ဘာစီလိုနာအသင်းရဲ့ စပိန်ကွင်းလယ်ကစားသမားလေး အယ်လီနာကို အငှားခေါ်ယူဖြစ်ခဲ့တဲ့ ဂီတာဖေးအသင်းဟာ အခုလည်း ဗီလာရီးရဲလ်နဲ့ အငှားစာချုပ် ဖျက်သိမ်းခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဂျာမန်ကြယ်ပွင့်ကစားသမားလေး ကူဘိုကိုပါ ထပ်မံပြီး အငှားစာချုပ်နဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

ဒီရက်ပိုင်းအတွင်းမှာပဲ အသင်းရဲ့တိုက်စစ်ပိုင်းက ကစားသမားတွေဖြစ်တဲ့ ဆီဘက်စတီယန်ဟယ်လာနဲ့ ဆနော့ဂရက်တို့ကို လက်လွတ်ခဲ့ရတဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းဟာ တိုက်စစ်ပိုင်းကို ပြန်လည်အားဖြည့်တင်းသွားဖို့အတွက် အာဆင်နယ်အသင်းရဲ့ အင်္ဂလန်လူငယ်တိုက်စစ်မှူးလေး အက်ဒီအန်ခီတာယက်ကို အငှားနဲ့ ခေါ်ယူသွားချင်နေပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြဖြစ်သူဇီဒန်းက အသင်းရဲ့ကြယ်ပွင့်ကစား အီဒင်ဟာဇက်ရဲ့ ကြံခိုင်မှုအခြေအနေအပေါ်မှာ သံယသရှိလို့နေပြီး ဒဏ်ရာပြသာတွေနဲ့ မကြာခဏ ရင်ဆိုင်နေရတတ်တဲ့ သူရဲ့အသင်းသား ဟာဇက်အနေနဲ့ လက်ရှိမှာ ပွဲတစ်ပွဲကို မိနစ်(၉၀)အပြည့် ပါဝင်ကစားနိုင်မလားဆိုတာကို သူကိုယ်တိုင် မသိရှိရသေးဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

စပိန်ကိုပါဒယ်ရေးပြိုင်ပွဲရဲ့ အစောပိုင်းအဆင့်မှာပဲ နာမည်ကျော် စပိန်လာလီဂါ ကလပ်အသင်းကြီးတစ်သင်းဖြစ်တဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းကို ပြိုင်ပွဲကနေ ထွက်ခွာစေခဲ့တဲ့ တတိယတန်းအသင်းငယ် ကော်နယ်လာဟာ လာမယ့်ကိုပါဒယ်ရေးပွဲ (၃၂)သင်းအဆင့်မှာတော့ ဘာစီလိုနာအသင်းနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။