MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇန်နဝါရီ ၈ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အာဂျင်တီးနား နာမည်ကျော်ဘောလုံးအသင်းတစ်သင်းဖြစ်တဲ့ ဘိုကာဂျူနီယာအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံကစားသမား မားကို့စ်ရိုဟိုအပြင် ရိုဟိုရဲ့ယူနိုက်တက်အသင်းဖော်လည်းဖြစ် အာဂျင်တီးနားနိုင်ငံသားလည်းဖြစ်တဲ့ ဂိုးသမားရိုမဲရိုးကိုပါ တစ်ပါတည်းအရခေါ်ယူသွားချင်နေပါတယ်။

ဒေးဗစ်ဘက်ခမ်း ပူးတွဲပိုင်ဆိုင်လို့ထားတဲ့ အမေရိကန် မေဂျာလိဂ်ဘောလုံးကလပ်အသင်းတစ်သင်းဖြစ်တဲ့ အင်တာမိုင်ယာမီအသင်းဟာ အသင်းရဲ့လက်ရှိနည်းပြ အလွန်ဆိုကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီဖြစ်လို့ လစ်လပ်နေတဲ့ နည်းပြရာထူးအတွက် အင်္ဂလန်လက်ရွေးစင် အမျိုးသမီးအသင်းရဲ့ နည်းပြဖြစ်သူ ဖီးလ်နဖီးကို အစားထိုးခန့်အပ်ဖို့က အလွန်နီးစပ်နေပြီဖြစ်ပါတယ်။

အသင်းရဲ့ အဓိကတိုက်စစ်မှူး ရာအူးယီမီနက်ဇ် ဦးခေါင်းဒဏ်ရာကြောင့် ပါဝင်ကစားဖို့ အဆင်မပြေနိုင်သေးတဲ့အချိန် အသင်းရဲ့တိုက်စစ်မှာ ကစားသမားအင်အား တောင့်တင်းနေစေဖို့အတွက် ပြီးခဲ့တဲ့နွေစျေးကွက်ကမှ ဖီအိုရင်တီးနားအသင်းဆီ အငှားချထားခဲ့တဲ့ တိုက်စစ်ကစားသမား ပက်ထရစ်ကူထရိုနီကို အငှားစာချုပ်ဖျက်သိမ်းကာ အသင်းဆီ ပြန်လည်ခေါ်ဆောင်လိုက်ပြီဖြစ်ပါတယ်။

အသင်းရဲ့တိုက်စစ်ကစားသမား ဆီဘက်စတီယန်ဟယ်လာကို အေဂျက်စ်အသင်းဆီ ရောင်းချသွားတော့မယ့် ဝက်စ်ဟမ်းယူနိုက်တက်အသင်းဟာ ဟယ်လာရဲ့နေရာမှာ အစားထိုးဖို့အတွက် လိုင်ယွန်အသင်းရဲ့ ပြင်သစ်တိုက်စစ်ကစားသမား မူဆာဒမ်ဘီလီကို ပြန်လည်ခေါ်ဆောင်သွားဖို့ စီစဉ်နေတယ်လို့ ပြင်သစ်အခြေစိုက် အားကစားမီဒီယာ RMC Sport ကနေ ဖော်ပြလာခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ရက်ဒင်းအသင်းရဲ့ အင်္ဂလန်ဘယ်နောက်ခံကစားသမားလေး အိုမာရစ်ချက်စ်ကို ခေါ်ယူသွားဖို့အတွက် ကစားသမားရဲ့အေးဂျင့်ဖြစ်သူနဲ့ ဆွေးနွေးမှုတွေကို လုပ်ဆောင်နေခဲ့ရာ အတော်လေးကို အခြေအနေကောင်းလာခဲ့ပြီလို့ သိရှိရပါတယ်။ အသက်(၂၂)အရွှယ်ရှိ နောက်ခံအစွန်လူ ရစ်ချက်စ်ဟာ ဒီနှစ်ရာသီအကုန်မှာပဲ ရက်ဒင်းအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပါတယ်။